နိုင်ငံတကာအနေဖြင့်  မြန်မာပြဿနာကိုဖြေရှင်းလိုလျှင် ပြည်သူလူထု၏သဘောထားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ကြောင်း NUG ပြော

By မိုးသောက် (မဇ္ဈိမ)
24 April 2023
နိုင်ငံတကာအနေဖြင့်  မြန်မာပြဿနာကိုဖြေရှင်းလိုလျှင် ပြည်သူလူထု၏သဘောထားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ကြောင်း NUG ပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းသည် The Elders အဖွဲ့ကိုယ်စားပြုပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း စစ်ကောင်စီက ဧပြီလ ၂၃ ရက်နေ့ ညပိုင်း တွင် သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် စစ်ကောင်စီနှင့် စစ်ဗိုလ်ချုပ်ဟောင်းများထံသို့ နိုင်ငံအချို့မှ ထိပ်တန်းအရာရှိအချို့ လာရောက်တွေ့ဆုံမှုများရှိနေပြီး  မည်သည့်အကြောင်းကြောင့်တွေ့ဆုံသည်ကိုမူ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပေ။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ပိုမိုဆိုးရွားလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို နိုင်ငံတကာ အနေဖြင့်ညှိနှိုင်းရန်အတွက် ချဉ်းကပ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် နိုင်ငံတကာအနေဖြင့် မြန်မာပြဿနာကိုဖြေရှင်းလိုလျှင် မြန်မာပြည်သူလူထု၏ သဘောထား ဆန္ဒကို မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ကြောင်း NUG က ဆိုသည်။

“မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို ပြေလည်စေချင်တဲ့စေတနာကို ကျနော်တို့လေးစားတယ်၊ အသိ အမှတ်ပြုတယ်။ ကိုယ်ဘက်က ဘယ်လောက်ပဲစေတနာမှန်မှန် ဖြေရှင်းတဲ့ ဖြေရှင်းပုံဖြေရှင်းနည်းမှန်ဖို့ လည်းလိုတယ်။ ဖြေရှင်းတဲ့ ဖြေရှင်းပုံဖြေရှင်းနည်းက လွဲမှားနေမယ်ဆိုရင်တော့ ပြဿနာကလည်း ပြေ လည်မှာမဟုတ်သလို မိမိကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းတာမျိုးတွေဖြစ်နိုင်သလို မြန်မာပြည်သူလူထုရဲ့ အထင်အမြင်လွဲမှားမှုတွေ ခံရနိုင်ပါတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မှုနှင့်ပတ်သက်ပြီး မဇ္ဈိမသို့  ပြောကြား သည်။

ဘန်ကီမွန်း၏ခရီးစဉ်နှင့်ပတ်သက်ပြီး စမ်းချောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက  “ မစ္စတာဘန်ကီမွန်းလာတဲ့ကိစ္စရပ်ကတော့ ဒါ နိုင်ငံရေးကိစ္စဆိုတာ သေချာတာပေါ့နော်။ လက်ရှိ Elders အဖွဲ့မှာလည်း ဒုဥက္ကဋ္ဌဖြစ်တဲ့အတွက် အရေးပါတဲ့လူတစ်ဦးလို့ ပြောချင်ပါတယ်။ လက်ရှိ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးသံတမန်တွေ အထူးကိုယ်စားလှယ်တွေက တကယ်တမ်း ပြောမယ်ဆို စစ်ကောင်စီခေါင်းဆောင်ရဲ့ လူကြီးလူကောင်းမဆန်မှုတွေကို သိပ်ပြီးတော့သည်းမခံနိုင်ဘူး။ အဲဒါကြောင့် ခပ်ခပ်ဝေးဝေးနေကြတဲ့သဘောမျိုးရှိတယ်လို့ မြင်တယ်။ ဒီအချိန်မှာ မစ္စတာဘန်ကီမွန်းက အစားထိုးဝင်ရောက်လာတယ်လို့ သုံးသပ်ပါတယ်။ မြန်မာအ‌ရေးကိစ္စတွေကို သူတို့ပြောကြပါလိမ့်မယ်” ဟု ဆိုသည်။

မစ္စတာဘန်ကီမွန်းသည်  တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးရာတွင် အသိသက်သေဖြင့် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ယခုခရီးစဉ်တွင် NCA ၌ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန်အစီစဉ်ရှိမရှိ မေး မြန်းမှုအပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA(PC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်မှူးကြီးစောကျော်ညွန့်က “တွေ့ဖို့တော့ မကြားမိပါဘူးဗျ” ဟု ဆိုသည်။ 

ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် The Elders အဖွဲ့တို့မှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟု သတင်း များထွက်ပေါ်လျက်ရှိနေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ရှိအချိန်တွင် ရုံးချိန်းများရင်ဆိုင်ရခြင်းမရှိတော့သည့်အတွက် နေပြည်တော်အချုပ်ထောင်တွင်သာရှိနေကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

အာဆီယံ၊ တရုတ်နှင့်နိုင်ငံတကာခေါင်းဆောင်များသည် စစ်ကောင်စီနှင့်တွေ့ဆုံသည့်အခါတိုင်း ဖမ်းဆီးခံ ထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုမှုများရှိခဲ့သော်လည်း မည်သူမှတွေ့ ခွင့် မရ‌သေးပေ။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly