ရေစကြိုမြို့က စစ်ကောင်စီတပ်ဖွဲ့၏ စခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By 007(မဇ္ဈိမ)
22 April 2023
ရေစကြိုမြို့က စစ်ကောင်စီတပ်ဖွဲ့၏ စခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော တပ်စခန်းနှစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၀ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT) ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“စစ်ကောင်စီဘက်က ငါးယောက်သေပြီး၊ ၁၁ ယောက်ဒဏ်ရာရတယ်၊ စခန်းသိမ်းနိုင်မယ့်အခြေအနေမှာ ကျွန်တော်တို့ရဲဘော်တစ်ဦးကျဆုံးတယ်၊ ဆက်တိုက်ဖို့လည်း လက်နက် ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု MBT ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ရေစကြိုမြို့နယ် ဖောင်တော်ဦးရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ငြိမ်းဇာနည် တပ်စခန်းကို Myingyan Black Tiger(MBT)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က  ဧပြီလ ၂၀ ရက် နံနက် ၄ နာရီခွဲ အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းတွင် စစ်ကူလာရန်ပြင်နေသော ရုံးပေါင်းစုံတပ်စခန်းကိုလည်း MBT ၏ အမှတ်(၂)စစ်ဆင်ရေးတပ်စခန်း တပ်ဖွဲ့ဝင်များက ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် စုစုပေါင်း ခုနစ်နာရီခန့်ရှိကြောင်း ၊ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း MBT က သတင်းထုတ်ပြန်ထားသည်။

“ကျဆုံးသွားတဲ့ရဲဘော်က သတ္တိကောင်းတယ်၊ တိုက်ခိုက်ရေး တအားကောင်းတယ်၊  သူ့အတွက် စိတ်မကောင်း ဖြစ်ရတယ်၊ လက်နက်အင်အားမမျှလို့ပါ” ဟု MBT၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် တော်လှန်ရေးအတွက် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြစေလိုကြောင်းလည်း ၎င်းက ပြည်သူများသို့ မေတ္တာရပ်ခံထားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ မုံရွာခရိုင်တပ်ရင်း (၁၂)တပ်ခွဲ (၄) မီးတောက်တပ်ခွဲ၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲ၊ ညောင်ဦးခရိုင်တပ်ရင်း (၅)၊ ရဲဘော်ညီနောင်တပ်ဖွဲ့၊ Royal Eagle People Defence Force(YSO) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Myingyan Black Tiger(MBT)နှင့် မဟာမိတ်တပ်ဖွဲ့များသည် မြင်းခြံ၊ နွားထိုးကြီး ၊တောင်သာ၊ ရေစကြို ၊ ချောင်းဦး၊ မုံရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင်တိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly