နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ရွာ ၂ ရွာကိုထပ်မံရွှေ့ပြောင်းခိုင်း

By ရွှေနွယ်(မဇ္ဈိမ)
22 April 2023
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ရွာ ၂ ရွာကိုထပ်မံရွှေ့ပြောင်းခိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဗိုလ်ကြီးစခမ်းရွာနှင့် သဖန်းချောင်းရွာအား ဧပြီလ ၃၀ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် စစ်ကောင်စီတပ်ဖွဲ့က ထပ်မံပြောဆိုထားသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

"အခုရွှေ့ခိုင်းတဲ့ ဗိုလ်ကြီးစခမ်းရွာနဲ့ သဖန်းချောင်းရွာတွေနဲ့ မနီးမဝေးမှာရှိတဲ့ ယူမဂုဏ်ဘုရားကုန်းမှာ စစ်ကောင်စီတပ်သား ၆၀ လောက် တပ်စွဲထားတယ်။ အဲ့တာကြောင့် လမ်းကြောင်းရှင်းတဲ့အနေနဲ့ ဖယ်ခိုင်းနေတယ်လို့တော့ သိရပါတယ်” ဟု ဒေသအတွင်းနေထိုင်သော မဇ္ဈိမ၏သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က G1 (ဒုဗိုလ်မှူးကြီး)အဆင့်ရှိသူ ကိုယ်တိုင်လာ၍ နေအိမ်များ ပြောင်းရွှေ့ပေးရန် ပြောသွားခြင်းဖြစ်ကြောင်း၊အဆိုပါ ကျေးရွာနှစ်ရွာတွင် လူဦးရေ ၄၀၀ခန့် ရှိကြောင်း ဒေသခံထံက သိရသည်။

ဧပြီလ အစပိုင်းကလည်း နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်းရှိ ကရင်ဆင်ဆွဲရွာ၊ ပျဉ်းမခေါင်ရွာ၊ ကြက်မနက်ရွာနှင့် ဆင်ဆွဲရွာမရွာတို့်အား ဧပြီလ ၂၁ ရက် နောက်ဆုံးထားရွှေ့ရန် ဖိအားပေးထားသောကြောင့် အဆိုပါ ကျေးရွာများမှ ဒေသခံများသည် လက်ရှိတွင် ရွှေ့ပြောင်းပြီးကြပြီဟု သိရသည်။

ယခုရွှေ့ပြောင်းခိုင်းနေသော ကျေးရွာများသည် နတ်တလင်းမြို့၏အရှေ့ဘက်၊ တောင်ညိုဆည်အထက်ဘက်ခြမ်း ပဲခူးရိုးမအခြေတွင် တည်ရှိသော ကျေးရွာများဖြစ်ပြီး ဒေသခံအများစုသည် ပဲခူးရိုးမအားအမှီပြုကာ တောင်ယာလုပ်ကိုင် စားသောက်နေကြသူများ ဖြစ်ကြသည်ဟု သိရသည်။ 

ယခုကဲ့သို့ မရွှေ့ပြောင်းခိုင်းမီ ပြီးခဲ့သည့် မတ်လအတွင်းကလည်း အဆိုပါကျေးရွာများမှ တောင်ညိုမြို့သစ်နှင့် နတ်တလင်းမြို့ပေါ်သို့ မိသားစုအတွက် ဆန်၊ဆီ၊ဆား၊ စားနပ်ရိက္ခာ တက်ဝယ်သည့်အခါတွင် ရိက္ခာအပိုရှိနေပါက ရိုးမပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ပံ့မည်ကို စိုးရိမ်သောကြောင့် တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်သာဝယ်ယူရန် ကန့်သတ်ခဲ့သေးသည်။

ထိုသို့ကန့်သတ်ပြီး ဆည်အဆင်း မကျီးပင်စက်လှေဂိတ်တွင် စစ်ဆေးနေသောကြောင့် ဒေသခံများ စားနပ်ရိက္ခာဝယ်ယူရာတွင် အခက်အခဲများကြုံတွေ့ခဲ့ကြရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကြက်မနက်ရွာ၊ မကျီးပင်စက်လှေဂိတ်နှင့် မယူဂုဏ်ဘုရားကုန်းတို့တွင် တပ်စွဲထားပြီး ၎င်းတို့အနီးအနားရှိ တောတောင်များကို ရှင်းလင်းကာ မြင်ကွင်းရှင်းလင်းအောင် ပြင်ဆင်နေသည်ဟုလည်း ဒေသခံသတင်းအရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ကြက်မနက်ရွာတိုက်ပွဲ ဖြစ်ပွားပြီးနောက်ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီ၏ ဒုဗိုလ်မှုးကြီးကိုယ်တိုင် ကြက်မနက်ရွာစခန်းသို့လာချိန်  နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း။     ။  ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly