PDF တွေကို ပဲခူးရိုးမပေါ်က မောင်းချမယ်ဟု ကြိမ်းဝါးသည့် ပျူစောထီး ပစ်ခတ်ခံရပြီးသေဆုံး

By ရွှေနွယ်(မဇ္ဈိမ)
22 April 2023
PDF တွေကို ပဲခူးရိုးမပေါ်က မောင်းချမယ်ဟု ကြိမ်းဝါးသည့် ပျူစောထီး ပစ်ခတ်ခံရပြီးသေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပဲခူးရိုးမပေါ်မှ မောင်းချပစ်မည်ဟု ကြိမ်းဝါးထားသည့် ကြို့ပင်ကောက်မြို့နယ်၊တောင်နှစ်လုံးပေါက်ကျေးရွာမှ ပျူစောထီးဦးတင်ကြိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ (၃) လက်အောက်ရှိ Black Dragon (GBK PDF)က ထုတ်ပြန်သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊တောင်နှစ်လုံးပေါက်ကျေးရွာမှ ပျူစောထီး ဦးတင်ကြိုင်အား ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

ဦးတင်ကြိုင်သည် ဇီးကုန်းမြို့နယ်၊ဘော်ဘင်ကျေးရွာအုပ်ချုပ်ရေးမှုး ပျူစောထီးခေါင်းဆောင် ဦးဖိုးလင်း၏ တပည့်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏သတင်းများကိုစစ်ကောင်စီထံ ပေးပို့နေသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလည်း ပဲခူးရိုးမပေါ်မှ မောင်းချပစ်မည်ဟု ကြိမ်းဝါးထားသူဟု ဟု Black Dragon (GBK PDF) ၏ တပ်ခွဲမှုးရိုးမနဂါးမှ မဇ္ဈိမကိုပြောသည်။

""သူက PDFတွေကို ရိုးမပေါ်က မောင်းချမယ်ဆိုပြီး ကြိမ်းဝါးနေတာ"ဟု တပ်ခွဲမှုးရိုးမနဂါးက ဆိုသည်။

၎င်းက ဆက်လက်၍ "သူ့ကို သူ့အိမ်ကိုပြန်အဝင်မှာ အလစ်အငိုက်ပစ်ခတ်ခဲ့တာပါ။ အိမ်ရှေ့တင် ပွဲချင်းပြီးသေဆုံးပါတယ်။ သူအရင်ရက်တွေက လက်နက်ကိုင်ပြီး သွားလာနေတယ်ဆိုလို့ လက်နက်ပါ သိမ်းဖို့သွားတာ။လက်နက်က ရှာမတွေ့ဘူး။ ရှောင်တခင်ဝင်တာဆိုတော့ သူလည်း  လက်နက်ကိုင်ချိန်မရတာထင်တယ်။ သူ့ကို စစ်ကောင်စီတပ်တွေဆီ PDF တွေရဲ့သတင်းကိုထောက်လှမ်းပေးပို့နေတဲ့ ပျူစောထီး အကြီးစားလို့ အတည်ပြုပေးပါတယ်" ဟု ဆက်ပြောသည်။

ဦးတင်ကြိုင်သည် စစ်ကောင်စီနှင့်ပူးပေါင်း၍  ပဲခူးရိုးမအတွင်းမှ သစ်များခိုးထုတ်‌နေသူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

လက်ရှိတွင် ပဲခူးရိုးမနှင့် ဆက်စပ်ဒေသများတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် 
ပြည်သူလူထု၏ ထောက်ပံ့အားမပါဘဲ  ရပ်တည်၍ မလွယ်သလို စစ်အာဏာရှင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် တတ်စွမ်းသမျှ  ကူညီထောက်ပံ့ပေးစေလိုသည်ဟု Black Dragon (GBK PDF)က ပြည်သူများအား မေတ္တာရပ်ခံထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required