ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲများဆက်ဖြစ်နေ၊ ၅ရက်အတွင်း စစ်ကောင်စီဘက်က ၄၀ ခန့်သေဆုံးဟုဆို

By 001 (မဇ္စျိမ)
21 April 2023
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲများဆက်ဖြစ်နေ၊ ၅ရက်အတွင်း စစ်ကောင်စီဘက်က ၄၀ ခန့်သေဆုံးဟုဆို

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းတွင် ဧပြီလ ၁၆ရက်မှဧပြီလ ၂၀ရက်အတွင်း ဖြစ်ပွားသော  တိုက်ပွဲများအတွင်း   စစ်ကောင်စီဘက်က ၄၀ ခန့်သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့-KnICထံမှ သိရသည်။

ဒီးမော့ဆိုမြို့ အရှေ့ခြမ်း၊ ဒေါညေးခူရှိ စစ်ကောင်စီစခန်းကို ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDFနှင့် ပူးပေါင်းအဖွဲ့များက ဧပြီလ ၁၆ ရက်နေ့မှစတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁၆ရက်မှ ဧပြီလ ၁၈ရက်အထိ သုံးရက်တာအတွင်း စစ်ကောင်စီဘက်က ၃၀ဦးခန့်သေဆုံးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ ဒေါညေးခူကျေးရွာနှင့် ဘော်လခဲသို့သွားရာ လမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှရှစ်ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က “မနေ့က(ဧပြီ ၂၀ ) နောက်ဆုံးမှာကတော့ ဒရုန်းဗုံးနဲ့ သွားချတယ်။ အဲ့ဒီ ဒေါညေးခူအပေါ်နားက တပ်စခန်းကို သွားချတော့ ထိခိုက်မှုကတော့ မသိရသေးဘူး။ ဒါ​ပေမဲ့ ဒရုန်းက ဗျူဟာမှူးနားမှာ ကျတယ်။ ထိခိုက်မှုတော့များတယ်လို့သိရတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ယခုရက်ပိုင်းဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးအချို့အပါအဝင် လက်နက် ၁၉ လက်နှင့် ကျည်ဆံများ၊ ဗုံးများ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်သုံးပစ္စည်းများကို ကရင်နီဒေသပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ကရင်နီတပ်မတော် KAမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း KnICက ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ဒေါတမကြီးအုပ်စုတွင်စစ်ကောင်စီတပ်မှ ခလရ (၁၂)၊ ခမရ(၅၁၅)၊ခမရ (၅၁၆)နှင့် တပ်မ(၆၆)လက်အောက်ခံ ခလရ (၈၀) စသည့် တပ်ရင်း လေးရင်းလှုပ်ရှားနေသည်ဟုဆိုသည်။ပြီးခဲ့သည့် မတ်လ နှင့် ယခု ဧပြီလအတွင်း တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေါတမကြီးရှိ အိမ်ခြေ ၁၀၀ ကျော်နှင့် ဒေါညေးခူရှိ အိမ်ခြေ ၁၇ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ယနေ့ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်ကလည်း ကရင်နီပြည်၊ လွိုင်ကော်- မိုးဗြဲကားလမ်းမတနေရာရှိ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း(၃) KNDF B - 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းထိခိုက်ပျက်စီးမှုရှိပြီး အကျအဆုံးများနိုင်သည်ဟု KnICက ကနဦးသတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required