သေဒဏ်ကျ ဒဂုံတက္ကသိုလ်ကျောင်းသားများ ထောင်ပြောင်းရွှေ့ခံရ

By မိုးသောက် (မဇ္ဈိမ)
21 April 2023
သေဒဏ်ကျ ဒဂုံတက္ကသိုလ်ကျောင်းသားများ ထောင်ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်တွင်း စစ်ကောင်စီ၏သေဒဏ်ချမှတ်ခြင်းခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးထဲမှ ကျောင်းသား လေးဦးကို အကျဉ်းထောင်အသီးသီးသို့ ရွှေ့ပြောင်းလိုက်သည်။

သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသား ခုနစ်ဦးဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ကို အင်းစိန်းအကျဉ်းထောင်မှ အခြားထောင်များသို့ပြောင်းရွေ့လိုက်သည်ဟု မနေ့ကသိရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူက “လူခွဲပြီး ပြောင်းရွှေ့လိုက်တယ်လို့ပဲသိရပါတယ်။ ပြောင်းတဲ့ရက်အတိအကျတော့ သမဂ္ဂဘက်က မသိရသေးဘူး” ဟုဆိုသည်။

ကျောင်းသား လေးဦးကို အင်းစိန်ထောင်မှ မည်သည့်ထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်းကိုလည်း သိရှိရခြင်းမရှိသေးပေ။

မိသားစုဝင်တစ်ဦးက “ပြောင်းရတာတော့ ‌​လေးဦးပါ။ သုံးဦးကအင်းစိန်မှာပါပဲ။  အားလုံးကျန်းမာရေးကောင်းတယ်လို့ပဲ သိရပါတယ်” ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးသည် ပြီးခဲ့သည့် နှစ် ဧပြီလ၂၁ရက်နေ့က ရန်ကုန်မြို့တွင်ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ခုနှစ်နိုဝင်ဘာလ ၃၀ရက်နေ့တွင် အင်းစိန်ထောင်စစ်ခုံရုံးမှ သေဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သေဒဏ်ချမှတ်မှုအပေါ်တွင် မိသားစုဝင်များက အယူခံဝင်မှုများရှိခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းများမှ သိရသည်။

 စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly