ပဇီကြီးရွာကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်ပြီး ရွာအတွင်းတပ်စွဲထား

By MTO (မဇ္စျိမ)
21 April 2023
ပဇီကြီးရွာကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်ပြီး ရွာအတွင်းတပ်စွဲထား

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီလ ၂၀) ရက်နေ့ တွင် နောက်ထပ်တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲချပြီးနောက်  ခြေလျင်စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း  ဒေသခံများကပြောသည်။

မဇီကြီးကျေးရွာကို ယမန်နေ့ နေ့လယ် ၂နာရီ ၂၂မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခြင်းဟု သိရသည်။ ဒေသခံများ တစ်နေရာစီ တိမ်းရှောင်နေကြရသောကြောင့် အရပ်သားထိခိုက်မှုရှိမရှိကို အတိအကျမသိရသေးသော်လည်း နေအိမ်များ မီးလောင်သည်ကို တွေ့ရကြောင်းစစ်ဘေးရှောင်များကပြောသည်။

" တစ်ရွာလုံးကထွက်ပြေးနေရတော့ ဘာတွေထိခိုက်မိလဲတော့မသိဘူး" ဟု ပဇီကြီးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်းအသုံးပြုပစ်ခတ်ပြီးနောက် ခြေလျင်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်နေကြောင်း အဆိုပါဒေသခံက ဆိုသည်။

၎င်းက “ ခြေလျင်စစ်ကြောင်းက ရွာဘေးမှာ တွေ့သမျှတဲတွေကို လိုက်မွှေ၊ ရွာထဲကို လေယာဉ်အကူနဲ့ ပစ်ခိုင်းပြီးတော့မှ ရွာထဲကိုဝင်တယ်။  အခု ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ (ဧပြီလ ၂၀) ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

အင်အား ၂၀၀ ကျော်ခန့်ရှ်ိနိုင်သော စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ပဇီကြီးကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဟု သိရသည်။ ထို့ကြောင့် ပဇီကြီးကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်။  ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ပဇီကြီးရွာအနီး ထန်းတောရွာမှ  စစ်ရှောင် သက်ကြီး ရွယ်အို ပြည်သူနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ကို  ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲချပြီး
တိုက်ခိုက်ရေးရဟတ်ယာဉ်Mi-35ဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦးထိသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

ယခုလည်း မြေပြင်မှ ထပ်မံစစ်ကြောင်းထိုးနေသောကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံများသည် ယင်းစစ်ကြောင်းမှလွတ်အောင် နေရာပြောင်းရွှေ့တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required