ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သေဆုံးမှုရှိ

By ရွှေနွယ်( မဇ္ဈိမ )
21 April 2023
ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြိုန့ယ်အရှေ့ပဲခူးရိုးမပေါ်သို့စစ်ကြောင်းထိုးလာသော အင်းအား ၂၇ ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပေါင်းတည်မြို့နယ်၊  သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းတာဝါတိုင်၌ သင်္ကြန်အကြိုနေ့ကတည်းက ရောက်ရှိနေပြီး ယနေ့ နေ့လယ်ပိုင်းတွင်မူ ကိုင်းကွင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့်  ကြို့ကုန်းကျေးရွာကို ထွက်လာတာကို သတင်းကြိုရတာကြောင့် မိုင်းကြိုထောင်ထားတာပါ၊ သူတို့စစ်ကြောင်းထိုးလာတော့ ကိုင်းကွင်းရွာနဲ့တောင်ခမောက်ရွာကြားက မိုင်းကွင်းကို ဖြတ်အလျှောက်မှာ ထိကြတာပါ၊ သူတို့က ယူနီဖောင်းဝတ်မထားဘူးခင်ဗျ၊ သူတို့ကို တွေ့ခဲ့တဲ့ပြည်သူတစ်ဦးသတင်းပို့တာတော့၊ အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရသူတွေကို တွဲခေါ်လာတာတွေ့တယ်လို့ သတင်းရထားပါတယ်" ဟု သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံး အခြေအနေအသေးစိတ်အား ၎င်းတို့အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသဖြင့် အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၃၆၀၂) TPDFတပ်ခွဲ (၄) ၊တပ်စု (၆) ၊ နှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း( ၃၆၀၁ )၊ တပ်ခွဲ (၄) ၊တပ်ခွဲ (၅) ပူးပေါင်းမဟာမိတ်အဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုး၍ ရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နိုင်ရန် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်အသီးသီးမှ ပြင်ဆင်ထောက်လှမ်းလျက်ရှိသည်ဟု ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly