ကြံ့ခိုင်ရေးပါတီကို မိုက်ကယ်ကျော်မြင့်က အမှုဖွင့်၊ စစ်ကောင်စီမဟာမိတ်များအချင်းချင်း အပြန်အလှန်တိုက်ပွဲပြင်းထန်လာ

By ကီရာ (မဇ္ဈိမ)
21 April 2023
ကြံ့ခိုင်ရေးပါတီကို မိုက်ကယ်ကျော်မြင့်က အမှုဖွင့်၊ စစ်ကောင်စီမဟာမိတ်များအချင်းချင်း အပြန်အလှန်တိုက်ပွဲပြင်းထန်လာ

အာဏာသိမ်းစစ်ကောင်စီ၏မဟာမိတ်အချင်းချင်း အပြန်အလှန်တရားစွဲဆိုမှုအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီခေါင်းဆောင်များကို လကျ်ာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်က အမှုဖွင့်တိုင်တန်းမှု ဧပြီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ပါတီမှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် လိမ်လည်ပြောဆိုသည်ဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌဦးခင်ရီနှင့်  ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် မိုက်ကယ်ကျော်မြင့်က နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထို့သို့အမှုဖွင့်ရာတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ရရှိထားပြီးဖြစ်သော တတရားဝင်နိုင်ငံရေးပါတီမဟုတ်သေးဘဲ လျှောက်ထားဆဲပါတီသာဖြစ်သော်လည်း တရားဝင်နိုင်ငံရေးပါတီတစ်ခုကဲ့သို့ လိမ်လည်ဖော်ပြသည့်အတွက် ပြန်လည်အမှုဖွင့်ခြင်းဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်က သူ၏လူမှုကွန်ရက်တွင်လည်းဖော်ပြခဲ့သည်။

မိုက်ကယ်ကျော်မြင့်တိုင်ကြားထားသလိုပင် စစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြုသည်မှာ ဧပြီ ၂၀ ရက်နေ့မှဖြစ်သည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂၀ရက်မှသာထုတ်ပြန်ကြေညာသည်။ 

အဆိုပါ ထုတ်ပြန်မှုကိုလည်း မိုက်ကယ်ကျော်မြင့်က "နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။ အမှုကမပြီးပါဘူး။ ပြစ်မှုကျူးလွန်ချိန်မှာ ခွင့်ပြုချက်မရှိတဲ့အတွက် ဥပဒေနဲ့အညီ အမှုက ဆက်သွားပါမယ်ဟု"  ၎င်း၏လူမှုကွန်ရက်တွင် ဆက်လက် ပြောထားသည်။ 

မိုက်ကယ်ကျော်မြင့်ကိုတော့ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အစောပိုင်းကတည်းက အမှုဖွင့်ထားပြီးဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီအား အမည်တပ် စွပ်စွဲပြောဆိုမှုများနှင့် " ဥက္ကဌကြီး လောင်ကီး" ဟု၍ ပြောဆိုခြင်းကြောင့် လူမှုကွန်ရက်တွင် ဆဲရေးသည်ဟုဆိုကာ အမှုဖွင့်ထားခြင်းဖြစ်သည်။ 

 ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုလုပ်သော Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ၏ တူမနှင့် မြေးကိုယ်တိုင်ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်က မတ်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းနှင့် " ဥက္ကဌကြီး လောင်ကြီး" ဟု ထဲ့သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် လူ၁၀၀၀၀ ကျော်ထံမှ ငွေသိန်းပေါင်း ၅၀၀၀၀ ကျော် လိမ်လည်ခဲ့သည့် ကုမ္ပဏီမှ ဒေါ်စောဥမ္မာနှင့် လဝန်းကြည်ဖြူတို့သည် ဦးခင်ရီနှင့် ပတ်သက်သည်ဟု  သက်ဆိုင်ရာမှ စစ်ဆေး၍ အဖြေထွက်လာပါက ဦးခင်ရီနှင့် ခင်မင်မှုမျက်နှာကို ၎င်းအနေဖြင့် မထောက်ထားတော့ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတဆင့် Live လွှင့် ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။

“ ဦးခင်ရီရဲ့ မြေးနဲ့ တူမ မှန်ကန်ခဲ့ရင် ဦးခင်ရီကို ကျွန်တော် ဒီလိုစကားပြောမနေတော့ဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကျွန်တော် သူ့ကိုခေါ်ပြောမှာ။အခုလို စကားပြောမနေတော့ဘူး။ ခင်မင်မှုမျက်နှာကိုမထောက်ထားနိုင်တော့ဘူး။ ဒီအလုပ်သမား ၁၀၀၀၀ ကျော်ရဲ့ မျက်နှာနဲ့ ဒီအလုပ်သမား ၁၀၀၀၀ ကျော်ရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ကျွန်တော်တို့ခင်မင်မှုတွေ လေးစားမှုတွေကို မလဲနိုင်ဘူး။ ခင်မင်တာက တကန့် လေးစားတာကတကန့် ဘဝက တကန့်ပဲ မဆိုင်ဘူး”ဟု၎င်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီကို မိုက်ကယ်ကျော်မြင့် ပြောဆို လုပ်ဆောင်နေမှုများသည် အခြားပါတီများမှ သတင်းအချက်အလက်များနှင့် ငွေပေးခိုင်းစေမှုကြောင့်ဟု ဝေဖန်ပြောဆိုမှုများလည်းရှိနေခဲ့ပြီး မိုက်ကယ်ကျော်မြင့်သည်လည်း ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့်အရေးယူခံထားရမှုကို ဒဏ္ခိဏသီရိမြို့မရဲစခန်းတွင် ဆက်လက်စစ်ဆေးခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

အရပ်သားအစိုးရလက်ထက်တွင် မိုက်ကယ်ကျော်မြင့်သည်  အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတစ်ဦးဖြစ်ပြီး  စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင်တည်ထောင်ပေးအပ်မည်ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းသည် စစ်အာဏာရှင်၏ "ဘောမ" တစ်ဦး ဖြစ်ကြောင်း ၎င်းလူမှုကွန်ရက်တွင် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားခဲ့သည်။

စစ်ဗိုလ်ဟောင်းများဦးဆောင်သော ကြံ့ခိုင်ရေးပါတိီမှာလည်း စစ်အာဏာသိမ်းမှုကိုထောက်ခံသောပါတီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားမှုဖြင့်  ဦးဆောင်သူများအပြောင်းအလဲလုပ်ခဲ့သော ပါတီဖြစ်သည်။

ဓာတ်ပုံ- ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ၏ ဆွေမျိုးများထူထောင်ထားသော ကုမ္ပဏီက လူပေါင်း တစ်သောင်းကျော်ကိုလိမ်လည်မှုပြုခဲ့သည်ဟု မိုက်ကယ်ကျော်မြင့်က မတ်လ ၂၈ ရက်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲသွားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် ဦးခင်ရီကို " ဥက္ကဌကြီး လောင်ကီး" ဟု  ၎င်းလူမှုကွန်ရက်တွင် ရည်ညွှန်းပြောဆိုရေးသားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly