ကိုကိုးကျွန်းမှာ သူလျှိုစခန်း မြန်မာ တည်ဆောက်နေသလား

By Chathamhouse
20 April 2023
ကိုကိုးကျွန်းမှာ သူလျှိုစခန်း မြန်မာ တည်ဆောက်နေသလား

ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာ၏ ကိုကိုးကျွန်းသည် တောင်အာရှတစ်ဝန်းရှိ အကဲခတ်များ၊ ဂျာနယ်လစ်များနှင့် မူဝါဒချမှတ်သူများအကြား ကာလကြာကတည်းက ပထဝီနိုင်ငံရေးဆိုင်ရာ လျှို့ဝှက်ကြံစည်မှု အကြောင်းကိစ္စနှင့် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။

အဖြစ်အများဆုံး စွပ်စွဲမှုမှာ ၁၉၉၀ ပြည့်နှစ်အစောပိုင်း နောက်ပိုင်း မြန်မာသည် ထိုကျွန်းစုပေါ်တွင် တရုတ်စစ်ဖက်ထောက်လှမ်းရေးစခန်းတစ်ခုကို ခွင့်ပြုပေးထားခဲ့သည် ဆိုသည်ပင် ဖြစ်သည်။ မိုးဒဏ်လေဒဏ်ကြောင့် ပုံပန်း၊အရောင် လွင့်ပြယ်ထားသည့် ရေဒါစခန်းတစ်ခုမှလွဲ၍ ယင်းကဲ့သို့ ထောက်လှမ်းရေးစခန်းတစ်ခုနှင့်ပတ်သက်၍ သက်သေအထောက်အထား သိပ်မရှိလှပေ။ သို့သော် များမကြာမီက ထွက်ပေါ်ခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများအရ ကျွန်းပေါ်တွင် လှုပ်ရှားမှုများ တိုးလာသည် ဆိုခြင်းကြောင့် အထူးသဖြင့် အိန္ဒိယအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။

ယုံတမ်းစကား တရုတ်ထောက်လှမ်းရေးစခန်း
ကိုကိုးကျွန်းတွင် လေယာဉ်ကို ပံ့ပိုးမည့် အဆောက်အအုံ၊ အင်္ဂါရပ်များနှင့် စစ်ဖက်ဆိုင်ရာ အဆင့်မြှင့်တင်မှုတို့၏ ဖော်ကောင် လက္ခဏာများနှင့်အတူ ပုံစံသစ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မှုများက ပုံမှန် ရှိနေသည်။ ယုံတမ်းစကားဖြစ်သည့် တရုတ်ထောက်လှမ်းရေးစခန်းက ရေပန်းစားသော စိတ်ကူးထင်မြင်ယူဆချက်များထဲတွင် ဆက်ပျံ့နှံ့နေမည့် အစား ယခုနောက်ဆုံး ထွက်ပေါ်လာသော ရုပ်ပုံများအရ မြန်မာသည် များမကြာမီ ကိုကိုးကျွန်းမှ ပင်လယ်ရေကြောင်း စောင့်ကြည့်မှု လုပ်ငန်းများကို လုပ်ဆောင်ရန် ရည်ရွယ်ထားကောင်းထားနိုင်သည် ဆိုသည်ကို ပြသနေသည်။ ဂရိတ်ကိုကိုးကျွန်းသည် အိန္ဒိယ၏ မဟာဗျူဟာကျ အန်ဒမန်နှင့် နီကိုဘား ကျွန်းတို့၏ မြောက်ဘက် ၅၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် ထီးတည်း တည်ရှိသော ကျွန်းစုတစ်ခုတွင် အကြီးဆုံးဖြစ်သည်။

ဂြိုဟ်တုဓာတ်ပုံများနှင့်ပတ်သက်ပြီး အထူးတလည် လုပ်ဆောင်သည့် Maxar Technologies ၏ ၂၀၂၃ ၊ ဇန်နဝါရီမှ ဓာတ်ပုံများအရ ကိုကိုးကျွန်းပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ထပ်မံ လုပ်ဆောင်နေသည်ကို ပြသနေသည်။ မြင်သာသောအရာတို့က လေယာဉ်ရုံသစ်နှစ်ခု၊ တာလမ်းသစ်တစ်ခုနှင့် တည်းခိုနေထိုင်စရာနေရာတစ်ခုဖြစ်ပုံရသည့် အဆောက်အအုံတို့ ဖြစ်သည်။ ယင်းတို့အားလုံးကို လောလောလတ်လတ် အရှည်ချဲ့ထားသော မီတာ ၂,၃၀၀ လေယာဉ်ပြေးလမ်းတစ်ခုနှင့် ရေဒါစခန်းတို့နှင့် ကပ်လျက်တွင် မြင်ရသည်။ ကျွန်းကို ဆက်သွယ်ထားသော တာလမ်းအကျော် ကိုကိုးကျွန်း၏ တောင်ဘက်စွန်းပိုင်းတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်းအထိ မြင်သာနိုင်သော အရာက မြေနေရာရှင်းလင်းမှုများ လုပ်ဆောင်နေသည့် သက်သေအထောက်အထားဖြစ်ပြီး ယင်းက ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်လိမ့်ဦးမည် ဆိုသည်ကို ပြသနေသည်။

နိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်တာ ပြည်တွင်းစစ်ကြောင့် မြန်မာသည် နိုင်ငံတကာအလယ်တွင် သီးခြားအထီးကျန်ခဲ့ရပြီး တပ်မတော်ဟု သိကြသည့် အာဏာသိမ်းစစ်တပ်သည်လည်း ပို၍ ပို၍ အားနည်းလာနေသည်။ တရုတ်အစိုးရသည် အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ရေလမ်းကြောင်းများကို ဝင်ထွက်ရောက်ရှိနိုင်ရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှတစ်ဆင့် မြန်မာတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ထည့်ဝင်ထားသည်။ ထို ရေလမ်းကြောင်းများသည် တရုတ်၏ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်သော သင်္ဘောကုန်စည်ပို့ဆောင်မှုအတွက် အရေးပါသည့် ပင်လယ်ရေလမ်းကြောင်းတစ်ခုအဖြစ် ရှိခဲ့သော မလက္ကာရေလမ်းကြောင်းကို ရှောင်ကွင်းနိုင်မည့် လမ်းကြောင်းတစ်ခုအဖြစ် ရှိနေသလို တရုတ်၏ ယူနန်ပြည်နယ်ထဲသို့ ကုန်းလမ်းဖြင့် တိုက်ရိုက်စွမ်းအင်တင်သွင်းမှုများအတွက်လည်း ဖြစ်သည်။

မြန်မာစစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင် ပေကျင်း၏ လွှမ်းမိုးမှုကို တိုးမြင့်စေခဲ့သည် ဆိုသည်ကို တိုးလာနေသော သက်သေအထောက်အထားများက ပြသသည်။ မြန်မာစစ်တပ်သည် နိုင်ငံ၏ ကြီးမားသော နယ်မြေများကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေပြီး စီးပွားရေးသည်လည်း အထိန်းအကွပ်မဲ့ ကျဆင်းနေစဉ် လက်ရှိအချိန်တွင် တရုတ်သည် ယင်း၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရင်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို ကျားကန်ပေးနေပုံပေါ်သည်။ တရုတ်ကုမ္ပဏီများသည် မြေပြင်တွင် လည်ပတ်လုပ်ကိုင်နေသည်ဟု ယုံကြည်ရသလို ရေနက်ဆိပ်ကမ်းကဲ့သို့ အဓိက အခြေခံအဆောက်အအုံ ပရောဂျက်များကို တည်ဆောက်လျက် ရှိကာ တစ်ချိန်တည်းတွင် မြန်မာစစ်အုပ်စုသည် ၎င်းတို့ကို အကာအကွယ်ပေးရန် ကျန်နေသည့် တပ်ဖွဲ့ဝင်အနည်းငယ်ကို ခွဲဝေချထားပေးလျက်ရှိသည်။

ယင်းက ဒေသတွင်း၌ အိန္ဒိယ၏ မဟာဗျူဟာ အကျိုးတရားများအတွက် ဂယက်ရိုက်ခတ်မှုများ ရှိစေသည်။ အိန္ဒိယအစိုးရသည် အိန္ဒိယ သမုဒ္ဒရာ ဒေသနှင့် တောင်အာရှဒေသ၌ တရုတ်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းလျက် ရှိသည်။ ကိုကိုးကျွန်းပေါ်ရှိ ဖြစ်ပေါ်နေမှုများအရ အိန္ဒိယအနေဖြင့် ပေကျင်းနှင့် ပိုပိုပြီး ဆက်ဆံပတ်သတ်နေသည့် နိုင်ငံတစ်နိုင်ငံရှိ လေတပ်စခန်းသစ်တစ်ခုကို များမကြာမီ နီးနီးနားနားအနေအထားဖြင့် ရင်ဆိုင်ရနိုင်သည်။

ကုန်းတွင်းပိုင်းတွင် ဖြစ်ပျက်နေသည့် ပိုမိုကျယ်ပြန့်သော တရုတ်၏ ဖော်ဆောင်မှုများနှင့်အတူ မြန်မာစစ်တပ်၏ ကိုကိုးကျွန်းကို စစ်ပုံသွင်းနေခြင်းက အိန္ဒိယနှင့် ယင်း၏ ရေတပ်အတွက် သိသာထင်ရှားသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကို ဖြစ်ပေါ်စေနိုင်သည်။ အန်ဒမန်နှင့် နီကိုဘားကျွန်းတို့က ဘင်္ဂလားပင်လယ်အော်၌ အိန္ဒိယ၏ အရှေ့ဘက် ရေယာဉ်စုကို မဟာဗျူဟာကျ အရေးပါနက်ရှိုင်းမှုကို ပေးအပ်သလို မလက္ကာ ရေလက်ကြားအထိ ကွပ်ကဲမှု ချဉ်းကပ်နည်းလမ်းများကို ပေးသည်။

တရုတ်၏ ကော်မာရှယ် သင်္ဘောကုန်စည်ပို့ဆောင်မှုက များမကြာမီ ရေလက်ကြားကို ရှောင်ကွင်းသွားနိုင်ပြီး ၎င်းတို့၏ ကုန်စည်များကို မြန်မာတွင် ချကာ အိန္ဒိယ၏ အရေးသာမှုကို ပျက်ပြားစေနိုင်သည်။ အချိန်အတောအတွင်းမှာပင် ကိုကိုးကျွန်းပေါ်ရှိ တိုးချဲ့ထားသော လေတပ်စခန်းတစ်ခုကြောင့် ဖြစ်နိုင်ဖွယ်ရာရှိသည်က အိန္ဒိယအနေဖြင့် များမကြာမီ ယင်း၏ စစ်သင်္ဘောများ ရွေ့လျားသွားလာမှုကို မျက်စိဒေါက်ထောက် စောင့်ကြည့်သော မြန်မာစစ်တပ်နှင့် ဖက်ပြိုင်ရင်ဆိုင်သွားရနိုင်သည်။

နောက်ထပ် စိုးရိမ်ပူပန်စရာလည်း ရှိနေသည်။ အကယ်၍ တရုတ်က အသည်းအသန် လိုအပ်သော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် ကိုကိုးကျွန်းမှ စောင့်ကြည့်ထောက်လှမ်းမှု လေယာဉ်ပျံသန်းမှုများမှ ရရှိသော ရေကြောင်းထောက်လှမ်းရေးသတင်းများကို အသုံးချရင်း မြန်မာစစ်တပ်အပေါ် ထပ်မံ ဖိအားပေးလာခဲ့မည်ဆိုပါက ယင်းက ပေကျင်းအတွက် နယူးဒေလီအပေါ်တွင် အဓိကကျသော ဒေသတွင်း အရေးသာမှုတစ်ခုကို ပေးအပ်လိမ့်မည် ဖြစ်သည်။

အိန္ဒိယရေတပ်ကို စောင့်ကြည့်ရန် တရုတ်က မြန်မာကို အသုံးချနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများက အသစ်အဆန်း မဟုတ်ပေ။ အထူးသဖြင့် ကိုကိုးကျွန်း အကြောင်းအရာအောက်တွင် ဖြစ်သည်။ လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီများက ကိုကိုးကျွန်းစု၏ ပြီးခဲ့သည့် သမိုင်းကြောင်းတွင် လွှမ်းမိုးထားသည်။ ယင်းတို့နှင့်ပတ်သက်ပြီး မဟုတ်မမှန်သည်တို့ကို ဖွင့်ချရန် အားထုတ်မှုများ ရှိသော်လည်း ယင်းတို့သည် ကိုကိုးကျွန်းနှင့်ပတ်သက်သည့် ထင်ကြေးမှန်းဆချက်အားလုံးနီးပါးကို ကျောထောက်နောက်ခံပြုနေကာ မြန်မာက ယင်း၏ စစ်ရေး တည်ရှိမှုကို အားဖြည့်သည့် လုပ်ဆောင်ချက်တိုင်း၏ နောက်ကွယ်တွင် တရုတ် ပါဝင်ပတ်သက်နေသည်ဟု ရှုမြင်ခံရသည်။ ယင်းနောက် အမှားထဲကနေ အမှန်ကို ခွဲထုတ်ရန် လိုအပ်သည်။

အချက်ပြလှိုင်း ကြားဖြတ်ဖမ်းယူမှု ကိရိယာတပ်ဆင်လျက်ဖြင့် ကိုကိုးကျွန်းပေါ်တွင် ၄၅-၅၀ မီတာ အန်တန်နာ တာဝါတိုင်တစ်ခု တရုတ်စစ်တပ်က ထောင်ထားသည် ဆိုပြီး ပထမဆုံး ကောလာဟလများ ၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ထွက်ပေါ်ခဲ့သည်။ ယင်းအချိန်ကိုက်မှုက ၁၉၈၈ ခုနှစ် ရန်ကုန်၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပေါ် ဖြိုခွင်းနှိမ်နင်းမှုနောက်ပိုင်း မြန်မာနှင့် ပေကျင်းအကြား ဆက်ဆံရေး နွေးထွေးလာမှုနှင့် သိသိသာသာ ဆက်နွယ်နေသည်။

ယနေ့အချိန် လက်ရှိကာလတွင် မြန်မာသည် နိုင်ငံတကာအလယ်တွင် သီးခြားထီးတည်းရှိနေပြီး ယင်းသည် ကုန်ကြမ်းပစ္စည်းများနှင့်ဖလှယ်လျက် စစ်ဖက်ပစ္စည်းများအတွက် တရုတ်၏ အဓိက ပို့ကုန်ဈေးကွက်တစ်ခု ဖြစ်လာသည်။ ဆယ်စုနှစ်ချီ ကြာမြင့်လာစဉ် ကိုကိုးကျွန်းနှင့်ပတ်သက်သည့် ဇာတ်လမ်းများက အလွန်အကျွံ တရားလွန်အနေအထားမှ ကိုးရိုးကားယားနိုင်မှုအထိ သွားခဲ့သည်။ အန်တန်နာ တာဝါတိုင်အဖြစ်မှ တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်က တာဝန်ယူလည်ပတ်သည့် အပြည့်အဝ အချက်ပြလှိုင်း ထောက်လှမ်းရေးတိုင်တစ်ခုအဖြစ် အသွင်ပြောင်းခဲ့သလို ယင်းနောက်တွင် ပေကျင်းသည် မြန်မာထံမှ ကျွန်းကို အပြည့်အဝ ငှားရမ်းထားသည် ဆိုသည့် ဇာတ်လမ်းများကို ပေါ်ထွက်စေခဲ့သည်။

တရုတ်သည် ကိုကိုးကျွန်းမှနေ၍ အိန္ဒိယ အာကာသအေဂျင်စီ၏ ဒုံးကျည်စမ်းသပ်မှုများနှင့် လွှတ်တင်မှုများကို စောင့်ကြည့်ထောက်လှမ်းနေသည် ဆိုသည့် ဇာတ်လမ်းများကို တောင်အာရှရှိ ဂျာနယ်လစ်များက မကြာခဏ ဖော်ပြခဲ့သည်။ အဆိုပါ အယူအဆများနှင့်ပတ်သက်သည့် ဝေဖန်သတင်းဖော်ပြမှုများကို မပြုလုပ်စေရေး တားမြစ်ရန် နယူးဒေလီရှိ အဆင့်မြင့်အရာရှိများက အနည်းငယ်သာ လုပ်ထားခဲ့သည်။ အိန္ဒိယအရာရှိများသည် မာန်အောင်ကျွန်း၊ ဟိုင်းကြီးကျွန်း၊ ဇာဒက်ကြီးကျွန်းနှင့် ကိုကိုးကျွန်းတို့ရှိ တရုတ် ရေဒါစခန်းများ ရှိသည် ဆိုသည့် ပြောဆိုမှုတို့ကို ရည်ညွှန်းကိုးကားခဲ့သည်။ မြန်မာ့ကျွန်းများပေါ်တွင် တရုတ်၏ အဓိကရှိနေမှု ဆိုသည့် စိတ်ကူးအိုင်ဒီယာသည် တောင်အာရှရှိ ပေါ်ပြူလာဖြစ်သော အကျယ်တဝင့် ရေးသားချက်များတွင် ဆယ်စုနှစ်တစ်စုကျော်ကြာ စိမ့်ဝင်နေခဲ့သည်။ ရောဂါထမှုကို ပိုဆိုးစေမှုအတွက် အနောက်တိုင်း အကဲခတ်များတွင် အပြစ်မကင်းပေ။

ပေကျင်း၏ “ပုလဲသွယ် မဟာဗျူဟာ” ပြောစကားများ အထွတ်အထိပ်ရောက်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလအတွင်း ကိုကိုးကျွန်းသည် အမြဲတစေ ရည်ညွှန်းကိုးကားခံခဲ့ရကာ ယင်းတွင် အချက်ပြလှိုင်း ထောက်လှမ်းရေးအခြေစိုက်စခန်းတစ်ခု ရှိခဲ့သည် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့သည်။ ပြဿနာတစ်ခုမျှသာ ရှိခဲ့သည်။ ယင်းကဲ့သို့ အခြေစိုက်နေရာမျိုးက မည်သည့်အခါကမှ မရှိခဲ့ပေ။

၂၀၀၅ ခုနှစ်တွင် အိန္ဒိယရေတပ်အရာရှိချုပ် အေရွန် ပရာကက်ရှ်က ကိုကိုးကျွန်းပေါ်တွင် မည်သည်အမျိုးအစားနှင့်မှ တရုတ်စစ်ဖက် တပ်ဆင်ကိရိယာများ မရှိဟု ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့သည်။ အလားတူနှစ်မှာပင် မြန်မာစစ်အစိုးရက အိန္ဒိယစစ်ဖက်ကာကွယ်ရေးအရာရှိများကို ကိုကိုးကျွန်းသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ထင်သာမြင်သာဖြစ်သော တရုတ်စစ်ဖက်ဆိုင်ရာ တည်ရှိမှုမျိုး ရှိမနေကြောင်းနှင့် လေယာဉ်ဆင်းကွင်းတစ်ခုသာ ရှိကြောင်း အတည်ပြုခဲ့သည်။ ရေဒါစလောင်းများ သို့မဟုတ် သတင်းအချက်အလက် စုဆောင်းသည့် အန်တန်နာ ကိရိယာများ ရှိမနေခဲ့သလို ယခင်ဘယ်တုန်းကမှလည်း မရှိခဲ့ဆိုသည်က သေချာသလောက် ဖြစ်သည်။

ထပ်တလဲလဲပေါ်နေသော ကောလာဟလများ
ယနေ့အချိန်ထိလည်း တရုတ်ထောက်လှမ်းရေးစခန်းတစ်ခုနှင့်ပတ်သက်သည့် ကောလာဟလများက ဆက်ရှိနေသည်။ သို့သော် ရရှိနိုင်သော သက်သေအထောက်အထားများအရ မြန်မာစစ်တပ် အသုံးပြုလျက်ရှိသော အဆောက်အအုံ အင်္ဂါရပ်များကို ပြသသည်။ မရှိသော တရုတ်ထောက်လှမ်းရေးစခန်းအစား ဘင်္ဂလားပင်လယ်အော်သည် များမကြာမီ မြန်မာလေတပ်ကို နေရာချပေးမည့် လေတပ်စခန်းတစ်ခုကို ရင်ဆိုင်ရနိုင်သည်။

ယင်းက မိမိတို့ကို ယနေ့အချိန်သို့ ခေါ်ဆောင်လာသည်။ အိန္ဒိယ သမုဒ္ဒရာကို ဆန်းစစ်လေ့လာမည့် လေယာဉ်များအတွက် အခြေစိုက်နေရာတစ်ခုအဖြစ် ကိုကိုးကျွန်းနှင့် ယင်း၏ အင်္ဂါရပ်များ၏ အဓိကကျမှုက ကြီးထွားနေသည်။ ကိုကိုးကျွန်းပေါ်ရှိ အဆောက်အအုံ အင်္ဂါရပ်များကို ပုံမှန် အဆင့်မြှင့်တင်နေသည် ဆိုသည်ကို ပြသနေသည့် သက်သေအထောက်အထား အစုအဝေးကို Maxar က ထုတ်ဖော်သည့် မကြာသေးခင်က ဓာတ်ပုံများက အားဖြည့်ပေးနေသည်။ လေယာဉ်ပြေးလမ်းကို တိုးချဲ့ထားပြီး လေယာဉ်ရုံသစ်များကိုလည်း တည်ဆောက်နေသလို အနည်းအကျဉ်းဖြစ်သော မြေဖော်ယူမှု စီမံကိန်းတစ်ခုလည်း ရှိနေသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအနေဖြင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် နောက်တစ်ကြိမ် ထပ်မံ အထီးကျန်နေပြီး ပြည်တွင်းမှ မငြိမ်မသက်မှုများဖြင့် ပတ်ချာဝိုင်းခံနေရစဉ်၊ ထျန်အန်မင် ရင်ပြင်ကိစ္စနောက်ပိုင်း ပေကျင်းနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေး အနိမ့်ဆုံး ရောက်ရှိနေစဉ် အခြေအနေများက ၁၉၈၈ ခုနှစ်တွင် မြင်တွေ့ခဲ့သည်တို့ကို ပြန်လည်ပုံရိပ်ထင်နေသည်။ သို့သော် ပိုမိုကြီးမားသော အတိုင်းအတာတစ်ခုနှင့်ဖြစ်သည်။ မြန်မာစစ်အုပ်စုတွင် မိတ်ဆွေအနည်းငယ်သာ ရှိနေသလို ယင်းတွင် ရှိနေသည့် အနည်းငယ်သော ပိုင်ဆိုင်မှုအာမခံများကလည်း ဆက်ထိန်းထားနိုင်ရန် တရုတ်ရင်းနှီးငွေအပေါ် ပို၍ အားကိုးလာနေရသည်။

ယင်းအတွက်ကြောင့် ကိုကိုးကျွန်းသည် အနာဂတ် ဩဇာအရှိန်အဝါ အချက်တစ်ခု ဖြစ်နိုင်ခြေ ရှိသည်။ မြန်မာအနေဖြင့် အပြည့်အဝ ထူထောင်ပြီးသော အခြေစိုက်နေရာကို ရခဲ့မည်ဆိုပါက စောင့်ကြည့်ထောက်လှမ်းမှု လေယာဉ်များက အန်ဒမန်နှင့် နီကိုဘားကျွန်းများကို ခေါက်တုံ့ခေါက်ပြန်ဖြင့် လှုပ်ရှားမှုများကို ခြေရာခံထောက်လှမ်းနိုင်သည်။ တရုတ်၏ ကောင်းစွာ ထူထောင်ထားပြီးဖြစ်သည့် ထောက်လှမ်းရေး အလေ့အထများကို ထည့်သွင်းစဉ်းစားပါက ကိုကိုးကျွန်းမှ ဒေသထောက်လှမ်းရေးအနေဖြင့် သူလျှိုထောက်လှမ်းမှု သို့မဟုတ် သဘောတူလိုက်လျောမှုမှတဆင့် ရှန်ဟိုင်းသို့ လမ်းကြောင်းရှာနိုင်သည်။

အိန္ဒိယအတွက် ကိုကိုးကျွန်းသည် ယခင်အတိတ်ကာလက ကိုးရိုးကားယားနိုင်သော သီအိုရီများအတွက် နေရာတစ်ခု ဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင် ယင်းသည် တကယ့် စိုးရိမ်ပူပန်စရာတစ်ခု ဖြစ်လာနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly