တရုတ်ကွန်မြူနစ်ပါတီတာဝန်ရှိသူက စစ်အာဏာရှင်ဟောင်းနှင့် ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့

By မိုးသောက်မဲဆောက်(မဇ္ဈိမ)
20 April 2023
တရုတ်ကွန်မြူနစ်ပါတီတာဝန်ရှိသူက စစ်အာဏာရှင်ဟောင်းနှင့် ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့
Photo-AFP(ပုံဟောင်းဖြစ်သည်)

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ)ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းသန်းရွှေနှင့် သမ္မတဟောင်းသိန်းစိန်တို့ကို ဧပြီလ ၁၈ရက်နေ့တွင် လာတွေ့ ဆုံခဲ့သည်ဟု သိရသည်။

ညွှန်ကြားရေမှူးချုပ်က နေပြည်တော်တွင် စစ်အာဏာရှင်ဟောင်းနှင့် ဦးသိန်းစိန်တို့ နှစ်ဦးစလုံးကိုတွေ့ဆုံခဲ့သည်ဟု  တရုတ်-မြန်မာအရေးလေ့လာ စောင့်ကြည့်နေသူတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“တွေ့ဆုံခဲ့တယ်ဆိုတာ မှန်ပါတယ်။ အသေးစိတ်ကတော့ မသိသေးပါဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Peng Xiubin  လာရောက်မှုသည် အလွတ်သဘောသာဖြစ်ပြီး ယခင်ကလည်း တရုတ်အရာရှိများသည် စစ်ခေါင်းဆောင်များကို တွေ့ဆုံမှုများရှိသည်ဟု တရုတ်အရေးလေ့လာသုံးသပ်သူများထံမှ သိရသည်။

တရုတ်အရာရှိတစ်ဦးအနေဖြင့် ယခုကဲ့သို့တွေ့ဆုံမှုနှင့်ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း ဒလလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက  “ယခင်တုန်းကလည်း အခုလိုမျိုးစစ်ဗိုလ်ချုပ်ကြီးဟောင်းတွေဆီကို သူတို့အလည် လာတာမျိုးရှိခဲ့ဖူးပါတယ်။ သိပ်ပြီးတော့ ထူးခြားမှုရှိတယ်လို့တော့ မထင်ပါဘူး။” ဟု ပြောသည်။

တရုတ်အရာရှိအနေဖြင့် ပဇီကြီးကျေးရွာဖြစ်စဉ်ဖြစ်ခဲ့ပြီး တစ်ပတ်အကျော်အကြာတွင် စစ်ခေါင်းဆောင်ဟောင်းများကို လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  စစ်ကောင်စီသည် ပြည်သူများကို အလွန်အကြူး လုပ်ဆောင်နေမှုများကို လာရောက်သိပေးခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မဇ္ဈိမသို့ပြောသည်။

“ကန့်ဘလူမှာ ဟိုနေ့ဖြစ်တဲ့ကိစ္စက နိုင်ငံတကာမှာလည်း ပုံရိပ်ကဆိုးတာကိုး အဲဒီလိုကိစ္စတွေမှာ တရုတ်က အသားလွတ်ကြီး သူတို့ဘက်ကရပ်ပေးဖို့ဆိုတာ ရေရှည်ကျတော့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ စစ်တပ်ဘက်က သိပ်လွန်လာတဲ့အခါမှာ သွယ်သွယ်ဝိုက်ဝိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အကြံတွေဘာတွေ ပေးတတ်တယ်” ဟုဆိုသည်။

ကုလသမဂ္ဂတွင် ဗီတိုအာဏာသုံးပိုင်ခွင့်ရှိသည့် တရုတ်နိုင်ငံသည် ကုလစာမျက်နှာတွင် အာဏာသိမ်းစစ်တပ်နှင့်ပတ်သက်ပြီး အကာအကွယ်ပေးမှုများသည် ယခင်တည်းက ရှိနေသည်။ ထိုသို့အာဏာရှင်များအနေဖြင့် လွန်လွန်ကျူးကျူး ပြုလုပ်လာသည့်အချိန်များတွင် တရုတ်ဘက်က သတိပေးမှုများသည် နဝတနှင့် နအဖလက်ထက်များကတိုင်ရှိခဲ့ကြောင်း ဒေါက်တာလှကျော်ဇောက ၎င်းရရှိခဲ့သည့် သတင်းအချက်အလက်များကို အခြေခံပြီးပြောပြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly