စစ်ကောင်စီတပ်သား ၃ ဦးပစ်ခတ်ခံရ၊ သေဆုံးသူရှိ

By 008မန္တလေး(မဇ္ဈိမ)
20 April 2023
စစ်ကောင်စီတပ်သား ၃ ဦးပစ်ခတ်ခံရ၊ သေဆုံးသူရှိ

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊မြကန်သာကျေးရွာစျေးတွင် ဧပြီ ၂၀ရက် နံနက် ၇နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်သား သုံးဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်းသိရသည်။

ဒဟေတ္တာကျေးရွာအုပ်စု၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား သုံးဦးသည် မန္တလေး-မတ္တရာလမ်းဘေးရှိ မြကန်သာစျေးသို့ စျေးသွားဝယ်ပြီး အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

"သူတို့က စစ်ဝတ်စုံနဲ့ စျေးဝယ်ပြီး အထွက် မှာ အပစ်ခံရတယ်။ အနီးကပ်ပစ်သွားတယ်။တစ်ယောက်ကတော့ နေရာမှာပဲသေတယ်။နှစ်ယောက်ကတော့ လူးလိမ့်နေတယ် "ဟု မြကန်သာစျေးမှ မျက်မြင်တစ်ဦးကပြောသည်။

ထိုသို့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက မြကန်သာကျေးရွာအပါအဝင် လင်းမြွေချောင်ကျေးရွာနှင့်ဒဟတ္တောကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

"ကျွန်တော်ရွာကိုတော့ အဝင်အထွက် ပိတ်ပြီး မနက်က စစ်တယ်။ လိုက်ထရက်ကား ရှိတဲ့အိမ်တွေ အဓိက စစ်တယ်။"ဟု ဒဟေတ္တာကျေးရွာသားတစ်ဦးကပြောသည်။

မြကန်သာအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မြကန်သာအခြေပြုပြီး အနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုး ပစ္စည်းလု ၊ငွေညှစ်နေကြောင်း ဒေသခံများကဆိုသည်။

ယခု ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း မသိရသေးပေ။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly