မဲကနယ်ဒေသ ၂ ရက်တာ တိုက်ပွဲအတွင်း စကစ တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး

မဲကနယ်ဒေသ ၂ ရက်တာ တိုက်ပွဲအတွင်း စကစ တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ဒေသ၌ ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့ တွင် ဖြစ်ပွားခဲ့သော နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး နောက်ထပ် ၂၃ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ မဲကနယ် ဒေသတွင် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၇၅) ၊ ခမရ (၃၅၅) ၊ ခလရ (၁၀၂) ၊ မ (၂) ၊ ခလရ(၂၀၇)နှင့် BGF(၁၀၁၉)တပ်ရင်း ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို‌ေနာက် ဧပြီလ ၁၈ ရက် နံနက် ၅ နာရီကစပြီး မဲကနယ် ကျေးရွာအနီး ကျောက်မိုင်းဒေသတွင်  စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူကာ စစ်ကြောင်းထိုးလာ၍  စစ်ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား  တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တစ်ဦးကျဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Cobra စစ်ကြောင်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ၄၀ မမ တစ်လက်၊ AK ‌သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ယင်းနောက် ဧပြီလ ၁၉ ရက် သန်းခေါင်ယံ အချိန်တွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ရာ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၂၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA 1 သေနတ်တစ်လက်၊ MA 2 သေနတ်တစ်လက်၊ MA 3 သေနတ်တစ်လက်၊ နာတိုပြောင်းတစ်ခု၊ ၆၀ မမ ကွန်မန်ဒိုပြောင်းတစ်ခု၊ ၆၀ မမ ပြောင်းရှည် တစ်ခု၊ နာတိုကျည် ၅၀၀ ကျော် အပါအဝင် ဆက်စပ်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း Cobra စစ်ကြောင်းက ပုံနှင့်တကွ ထုတ်ပြန်သည်။

မြေပြင်တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ထက်မနည်း ပြုလုပ်ခဲ့ရာ Cobra စစ်ကြောင်းက ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်းတိုက်ခိုက်ခံရပြီး မတ်လ ၂၅ ရက်နေ့မှ စတင်ကာ မဲကနယ်ဒေသတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly