မန္တလေးတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း သိန်း ၂၇၀၀ ကျော်ဖိုးပါသွား

မန္တလေးတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း သိန်း ၂၇၀၀ ကျော်ဖိုးပါသွား

မဇ္ဈိမ။ ။မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများပါသွားကြောင်း သတင်းရရှိသည်။

“ဆိုင်နာမည်က ထိပ်တန်း၊ ၆၂ လမ်းပေါ်ဖွင့်ထားတာ။ ဓားပြအဖွဲ့မှာ လူလေးယောက်ပါတယ်လို့ပြော တယ်။ သေနတ်တွေ၊ ဓားရှည်တွေနဲ့ဝင်လာပြီး မှန်ကောင်တာထဲက လက်ဝတ်လက်စားတွေယူပြီး ထွက် ပြေးသွားတာ” ဟု အခင်းဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်(ဇ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြားရှိ ထိပ်တန်းရွှေဆိုင်ကို သေနတ်နှင့်ဓားရှည်များကိုင်ဆောင်ထားသော လူလေးဦးပါ ဓားပြအဖွဲ့ က ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ယောက်က အတို(သေနတ်အတို)နဲ့ ကျန်တာတွေက ဓားရှည်တွေကိုယ်စီနဲ့ဝင်လာပြီး၊ ခြိမ်းခြောက် ဓားပြတိုက်သွားတာ” ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဓားပြအဖွဲ့သည် ဆိုင်အတွင်းရှိ ဆိုဒ်မျိုးစုံ ရွှေလက်ကောက်အကွင်း ၃၀( ၃၀ ကျပ်သားခန့်)၊ ဆိုဒ်စုံ ရွှေဆွဲ ကြိုး ၁၀၀ ကုံး(၇၀ ကျပ်သားခန့်)၊ ရွှေကလစ် ၁၀ ခု(၁၀ ကျပ်သားခန့်)နှင့် ရွှေနားကပ်အရံ ၅၀ (စုစုပေါင်း ကာလ တန်ဖိုး ကျပ်သိန်း ၂၇၀၀ ကျော်)ကို လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

မန္တလေးမြို့တွင် မတ်လ ၂၇ ရက်နေ့ကလည်း ရွှေသန့်စင်လုပ်ငန်းဓားပြတိုက်ခံရပြီး ငွေသား ကျပ်သိန်း ၁၂၀၀ ပါသွားခဲ့ရာ နောက်တစ်ရက်တွင် ဓားပြအဖွဲ့ကို ကျပ် ၈၃၅ သိန်းနှင့်အတူ လက်နက်များ၊ မူးယစ် ဆေးဝါးများဖြင့် ဖမ်းမိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly