နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အယူခံ ၇ မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အယူခံ ၇ မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံ

မဇ္စျိမ ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ခုနစ်မှုကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် လက်ခံလိုက်ပြီး ဆက်လက်စစ် ဆေးကြားနာသွားရန်ရှိကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

သဘာဝဘေးအတွက် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စအပေါ် အဂတိဖြင့် စွပ်စွဲထားသည့် အမှုငါးမှု၊ ရွေးကောက်ပွဲကိစ္စဖြင့် စွပ်စွဲထားသည့် ပုဒ်မ ၁၃၀(က) အမှုနှင့် နိုင်ငံတော်လျှို့ဝှက် ဉပဒေပုဒ်မ ၃(၁)(ဂ) အမှုတို့ကို ဆက်လက်ကြားနာရန် လက်ခံခဲ့ခြင်းဖြစ်သည်။

“သူက ကနဦးလက်ခံတာပေါ့။ လက်ခံလိုက်ရင် အောက်ရုံးက အမှုတွဲတွေကို တရားလွှတ်တော်ချုပ်က တောင်းယူမယ်။ ပြီးရင် ရှေ့နေချုပ်နဲ့ နှစ်ဖက်ကြားနာမယ်။ နောက်တစ်ချိန်းကျရင်၊ ကြားနာပြီးရင် အောက်ရုံးရဲ့အမိန့်အပေါ် တရားလွှတ်တော်ချုပ်ကအမိန့်ချမယ်”ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြော သည်။

စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ယင်းအနက်မှ အချို့အမှုများကို အယူခံ အဆင့်ဆင့်တက်လျှက် ရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အချို့အမှုများကို အယူခံအခွင့်အရေးမပေးဘဲ အကျဉ်းနည်းဖြင့် ပလပ်ခဲ့ခြင်းများရှိသည်။ ထို့အတူ အမှုကိုလက်ခံသော်လည်း နှစ်ဖက်ကြားနာပြီးနောက် ပယ်ချခဲ့ခြင်း များလည်း ပြုလုပ်ထားသည်။

ယခု အယူခံတက်ထားသည့်အမှုခုနစ်မှုအတွက် စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ် စုစုပေါင်း ၁၃ နှစ်ချမှတ်ထားခြင်းဖြစ်သည်။

အမှုကိစ္စများဆွေးနွေးနိုင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ပေးရန် ရှေ့နေအဖွဲ့ မှအကြိမ်ကြိမ်တင်ပြနေသော်လည်း စစ်ကောင်စီက လက်ရှိအချိန်ထိ တွေ့ဆုံခွင့်မပေးသေးကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required