စစ်ဘေးရှောင်များ အညာဒေသ၏အပူချိန် မြင့်မားမှုနှင့်ပါ ကြုံတွေ့နေရ

စစ်ဘေးရှောင်များ အညာဒေသ၏အပူချိန် မြင့်မားမှုနှင့်ပါ ကြုံတွေ့နေရ
ပုံစာ - ခင်ဦးမြို့နယ်အနောက်ခြမ်းစစ်ဘေးရှောင်များ

(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့နေသည့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းစသည့် စစ်ဘေးရှောင်များရှိသည့် အညာဒေသများတွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန် မြင့်တက်လာမှုနှင့်ပါ ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းစသည့်ဒေသများတွင် ၄၅ ဒီဂရီ ဆဲစီးရက်စ် (45 °Celsius)အထိအပူချိန်မြင့်တက်နိုင်ကြောင်း အလွတ်တန်းမိုးလေဝါသ လေ့လာသူများက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဧပြီ ၁၈ ရက်နေ့ အပူချိန်မှာ ၄၃ ဒီဂရီ ဆဲစီးရက်စ် ဝန်းကျင်ရှိပြီး လာမည့်ရက်အတွင်း နေ့အပူချိန် ၄၄ (သို့) ၄၅ ဒီဂရီ ဆဲစီးရက်စ် အထိရောက်နိုင်ကြောင်း အလွတ်တန်းမိုးလေဝါသ လေ့လာသူတစ်ဦးက ဆိုသည်။

"မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ မကွေးတိုင်းတို့ ဆိုတာတော့ နှစ်စဉ် အပူချိန်က ၄၄-၄၅ လောက်တော့ ဖြစ်မြဲပါပဲ။ ဒီထက် ပိုပြီးဖြစ်လာရင်တော့ အန္တရာယ်များတဲ့အဆင့်မို့ သတိပေးချင်တာပါ "ဟု ၎င်းက မဇ္ဈိမကိုပြောကြားသည်။

ခင်ဦးမြို့နယ်၊ အနောက်ခြမ်းရွာများကို စစ်ကောင်စီတပ်မှ ဧပြီလ ၁၈ ရက်နေ့က စတင်စစ်ကြောင်းထိုး မီးရှို့နေပြီး စစ်ဘေးအပြင် ရာသီဥတု အပူဒဏ်ပါ ခံစားနေရကြောင်း သိရသည်။

"စစ်ဘေးရှောင်တွေ ပြေးရင်းလွှားရင်း မူးလဲကြတယ်၊ ဆေးဝါးမလုံလောက်ဘူး အတော်ပူလာတယ်"ဟု စစ်ရှောင်ကူညီသူတစ်ဦးကဆိုသည်။

စစ်ကောင်စီ၊ မိုးလေဝါသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ မကွေးတိုင်း၊ ချောက်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီ ဆဲစီးရက်စ် ၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီ ဆဲစီးရက်စ် ၊မန္တလေးတိုင်း မန္တလေးမြို့မှာအမြင့်ဆုံးအပူချိန်
၄၄ ဒီဂရီ ဆဲစီးရက်စ် ၊မြင်းခြံမြို့မှာ အမြင့်ဆုံးအပူချိန်၄၄ ဒီဂရီ ဆဲစီးရက်စ် နှင့် ညောင်ဦးမြို့မှာ အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ ဆဲစီးရက်စ် အထိရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန် မြင့်တက်လာမှုနှင့် ဆက်စပ်၍ ရေရှားပါးခြင်း၊ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားရောဂါ၊ မျက်ခမ်းစပ်ရောဂါများဖြစ်ပွားနိုင်ကြောင်းသတိပေးချက် ထုတ်ထားသည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)ရဲ့ယနေ့ဧပြီ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိနေကြောင်း သိရသည်။

၎င်းအနက် လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ကြောင်း UNOCHA ကထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly