သန်လျင်ပစ်ခတ်မှုမှာ သေဆုံးတာက ဒုဗိုလ်မှူးကြီးကျော်စွာထွန်းလား၊ အငြိမ်းစားဗိုလ်မှူးအောင်ညီထွန်းလား

By ဂန္ဒမာ (မဇ္ဈိမ)
19 April 2023
သန်လျင်ပစ်ခတ်မှုမှာ သေဆုံးတာက ဒုဗိုလ်မှူးကြီးကျော်စွာထွန်းလား၊ အငြိမ်းစားဗိုလ်မှူးအောင်ညီထွန်းလား

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တစ်အိမ်တွင် ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားသည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အဆိုပါနေ့မွန်းလွဲပိုင်းက အတော်အများများ ပျံ့နှံ့လာခဲ့သည်။

တိုက်ခိုက်မှုကို ရန်ကုန်မြို့ပြအထူးစစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ဌာနမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း နှင့် အပေါင်းအပါနှစ်ဦးအား ပစ်ခတ်ရှင်းလင်းမှုဖြစ်ကြောင်း မီဒီယာများကို လျှို့ဝှက်ပေးပို့သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ထုတ်ပြန်ချက်ထဲတွင် “၂၀၂၃၊ ဧပြီလ ၁၈ရက် ယနေ့နံနက် ၁၁ နာရီမိနစ် ၃၀ ဝန်းကျင်ခန့်က  မင်္ဂလာဒုံ လေတပ်စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး၊ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းအား ရန်ကုန်မြို့ပြအထူးစစ်ဆင်ရေးအနေဖြင့် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ အမှတ် (၃) လမ်းမကြီး၊ ခြံအမှတ် (၃၆) ရှိ ၎င်း၏နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လုံခြုံရေးတစ်ဦးနှင့်အတူ ပစ်ခတ်ရှင်းလင်းစဉ်တွင် ဝင်ရောက်နှောက်ယှက်ခုခံသော အမျိုးသားတစ်ဦးကိုပါ ရှင်းလင်းခဲ့ရပြီး ‌ရဲဘော်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်။” ဟု ပါရှိသည်။ 

အချိန်တိုက်ဆိုင်စွာဖြင့်ပင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် News Of Myanmar တွင် “ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် (၃၆) နေအိမ်တွင် စကားထိုင်ပြောနေသူများကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁း၁၅ နာရီအချိန်၌ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သုံးဦး သေဆုံးကြောင်းသိသည်။

နေအိမ်ရှေ့တွင် ဦးအောင်မျိုးဆွေ (၅၃ နှစ်)၊ ဦးအောင်ညီထွန်း (၄၈ နှစ်)နှင့် ဦးခင်မောင်သိန်း (၅၈ နှစ်)တို့စကားထိုင်ပြောနေစဥ် ဆိုင်ကယ်တစ်စီးဖြင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားသုံးဦးရောက်လာပြီး သေနတ်များဖြင့် ဝိုင်းပစ်သဖြင့် စကားပြောနေသူ သုံးဦး ကျည်ထိမှန်ဒဏ်ရာများရသဖြင့် သန်လျင်ဆေးရုံသို့ ပိုဆောင်ကုသစဥ် သုံးဦးလုံးသေဆုံးသွားကြောင်းသိရသည်။” ဟူ၍ သတင်းဖြန့်လာခဲ့သည်။ 

မဇ္ဈိမ၏ မြေပြင်အခြေအနေစုံစမ်းချက်အရ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူမှာ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ညီအစ်ကို အရင်းတော်စပ်သူ အငြိမ်းစားဗိုလ်မှူး အောင်ညီထွန်းဆိုသူဖြစ်ကြောင်း သိရသည်။

“အဲ့ကိစ္စကလေ မြေပြင်ကရတဲ့သတင်းနဲ့တော့ နည်းနည်းကွဲလွဲချက်လေးဖြစ်နေတယ်။ ဖြစ်နေတာက ဘာလဲဆိုတော့ အဲ့ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံရတဲ့သုံးဦးမှာ သတင်းမှာပါတဲ့ လေတပ်က ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းရဲ့ ညီပေါ့နော်။ ဗိုလ်မှူးအငြိမ်းစား အောင်ညီထွန်းဆိုတဲ့ တစ်ယောက်ဖြစ်နေတယ်။ ကျော်စွာထွန်းနဲ့ အောင်ညီထွန်းနဲ့က ညီအစ်ကို အရင်း။ သူတို့ရဲ့ယောက်ဖတော်စပ်တဲ့ အောင်မျိုးဆွေဆိုတဲ့တစ်ယောက်နဲ့ သူတို့ရဲ့ ဦးလေးတော်စပ်တဲ့ ခင်မောင်သိန်းဆိုတဲ့တစ်ယောက် ၊ အဲ့သုံးယောက်ဖြစ်တယ်လို့ မြေပြင်က သတင်းရတယ်။ အခု လိုင်းပေါ်မှာပျံ့နေတဲ့သတင်းတွေ၊ အခုရထားတဲ့သတင်းတွေထဲမှာရှိတဲ့ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းဆိုတာ မဟုတ်ဘူးလို့တော့ ကျွန်တော်တို့ မြေပြင်သတင်းတော့ရတယ်။ ကျော်စွာထွန်းရဲ့ညီနဲ့ သူ့ယောက်ဖနဲ့ ဦးလေးတို့ သုံးယောက်၊ ကျော်စွာထွန်းတို့မိဘတွေနေတဲ့အိမ် ငယ်ငယ်ထဲက နေတဲ့အိမ်မှာပဲဖြစ်တယ်လို့တော့သိရတယ်။” ဟု သန်လျင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လေတပ်အရာရှိ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်း၊ အငြိမ်းစားဗိုလ်မှူး အောင်ညီထွန်းတို့နှင့် ယောက်ဖ၊ ဦးလေးတော်စပ်သူတို့က ပစ်ခတ်ခံရမှုတွင် ပါဝင်ခဲ့ရခြင်းမှာလည်း တိုက်ခိုက်မှုပြုလုပ်စဉ်တွင် ဘေးတွင်လည်းအတူတူရှိနေသလို ပြန်လည်ရန်မူသည့်အတွက်ကြောင့် ဖြေရှင်းလိုက်ရသည့်အနေအထား ဖြစ်သည်ဟု ပြန်လည်ကြားသိရသည်။ 

“သူတို့မိသားစုက သားသမီးသုံးယောက်၊ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်း၊ သူ့အောက်မှာ ညီမရှိတယ် သူက စစ်သူနာပြု၊ ပြီးတော့ အခုမစ်ရှင်မှာသေတဲ့ကောင် ကြည်းတပ်က ဗိုလ်မှူးအငြိမ်းစား အောင်ညီထွန်း။ ယောက်ဖဆိုတာတော့ သူတို့ညီမ နောက်တစ်ယောက်ရဲ့ အမျိုးသားလို့တော့ အကြမ်းဖျင်းသိရတယ်။ သူတို့ကပြောရမယ်ဆိုရင် စကစမျိုးနွယ်တွေပေါ့ဗျာ မိသားစုလိုက်ပေါ့။” ဟု သန်လျင် ပကဖ တာဝန်ရှိသူတစ်ဦးက ထပ်ပြောသည်။ 

တိုက်ခိုက်မှုပြုလုပ်သည့်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ဟု ယူစရသော စာတွင်ပါရှိသည့် အကြောင်းအရာအရ လေတပ်အရာရှိ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်းသေဆုံးခြင်းဖြစ်ပြီး  မြေပြင်မှသတင်းရရှိမှုမှာ အငြိမ်းစားဗိုလ်မှူး အောင်ညီထွန်း သေဆုံးခြင်းဖြစ်ကြောင်း ကွဲလွဲမှုရှိနေသဖြင့် အဖွဲ့အစည်းအား မေးမြန်းနိုင်ရန်ကြိုးစားသော်လည်း ဆက်သွယ်မရသေးပေ။

 ဒွိဟဖြစ်စရာသတင်းကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ တိုက်ခိုက်သည့်အဖွဲ့အစည်းဘက်မှ တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းခြင်းမျိုးပြုလုပ်သည်ကို မတွေ့ရသလို မူလပထမ ထွက်ပေါ်လာသည့်စာတွင် ဒုဗိုလ်မှူးကြီး ကျော်စွာထွန်းကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အတိအကျဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly