စစ်ယာဥ်တန်းတိုက်ခိုက်ခံရ ၊ လူသားဒိုင်း အဖြစ်ဖမ်းဆီးခံရသည့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ 

By အဂမ် (မဇ္ဈိမ)
19 April 2023
စစ်ယာဥ်တန်းတိုက်ခိုက်ခံရ ၊ လူသားဒိုင်း အဖြစ်ဖမ်းဆီးခံရသည့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ 

စစ်ကောင်စီစစ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ လူသားဒိုင်းကာအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာသူ ပြည်သူ တစ်ဦး သေဆုံးခဲ့ရပြီး  ငါ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထား‌ေကြာင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဧပြီ  ၁၈ ရက်နေ့ မနက် ၅ နာရီတွင်  ဖားကန့်မြို့သို့သွားရာ  လမ်းမကြီးဘေးရှိ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်။

 ထို့နောက် မနက် ၉ နာရီခွဲအချိန်တွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ အယောက် ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ 

   ဖားကန့်ဘက်သို့သွားသည့်  ၁၂ ဘီးကား နှစ်စီးနှင့် Landcruiser ကားတစ်စီးပါဝင်သော စစ်ကောင်စီယာဥ်တန်းတွင် ၎င်းဖမ်းဆီခံပြည်သူများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုယာဥ်တန်းကို ဆိုင်းဖရာကျေးရွာအကျော် ဂတ်နွယ်(ပျားအုံ)ရွာထိပ်ပိုင်းအရောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA )က မိုင်းဆွဲတိုက် ခိုက်ခဲ့သည်။

“ တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့ (စကစ)က ဒေသခံတွေကို ဗမာစစ်သားတွေနဲ့ရောနှောပြီး တင်လာတာဟုတ်တယ်။သူတို့(စကစ)ပဲ တက်လာတယ်ထင်လို့ စောင့်ပြီးတိုက်တော့ သူတို့(စကစ)တွေလည်းထိ ကျွန်တော်တို့ ပြည်သူတွေလည်း ထိတာပေါ့။ အဲဒီမှာ ထိခိုက်တဲ့သူတွေရော မထိခိုက်တဲ့သူတွေရော အားလုံးကို ပြန်လွှတ်လိုက်ပြီ”လို့  kIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်ပစ်ခတ်မှု‌ေခတ္တဖြစ်ပွားခဲ့ပြီး ယင်းနေရာတွင် အသက် (၂၅) နှစ်အရွယ် အင်ဒွပ်ဆိုင်းနူးမိုင်သည် ပွဲချင်းပြီးသေဆုံးသွားကာ  အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသည်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်  ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိရသည်။

အထက်ပါယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့်  စစ်ကောင်စီစစ်ကြောင်းမှ တပ်သားအချို့သေဆုံးခဲ့ကာ ဒဏ်ရာရသူများလည်း ရှိသည်ဟု စုံစမ်းသိရသော်လည်း  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရသော ပြည်သူများကို KIA ဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး   ထိခိုက်ဒဏ်ရာရသူများကို 
ဆေးဝါးကုသမှုများပေးနေကြောင်း   သိရသည်။

လက်ရှိတွင်  ဆိုင်းဖရာရွာသားအချို့ကို စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးထားကြောင်း သိရှိပြီး အသေးစိတ်အချက်အလက်များကို   မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly