စစ်ကောင်စီ၏ လူအစုပြုံလိုက် သတ်ဖြတ်မှုကြောင့် လေယာဉ်ဆီ တင်သွင်းမှု ရပ်ဆိုင်းရန် AI အဖွဲ့ တိုက်တွန်း 

စစ်ကောင်စီ၏ လူအစုပြုံလိုက် သတ်ဖြတ်မှုကြောင့် လေယာဉ်ဆီ တင်သွင်းမှု ရပ်ဆိုင်းရန် AI အဖွဲ့ တိုက်တွန်း 

စစ်ကိုင်းတိုင်းတွင် ဧပြီ ၁၁ ရက်က ကျေးရွာတစ်ရွာ၌ လူအစုပြုံလိုက် သတ်ဖြတ်ခဲ့သည့်နောက် မြန်မာစစ်ကောင်စီထံ လေယာဉ်ဆီ ပေးပို့မှုများ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး AI အဖွဲ့က နိုင်ငံတကာ အဖွဲ့အစည်းအား တိုက်တွန်းသည်။ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အသေအဆုံးများသော လေကြောင်းတိုက်ခိုက်မှု သတင်းများကို တုံ့ပြန်ခြင်းပဲ ဖြစ်သည်ဟု AI ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး သုတေသီ မွန်စီ မာရာက ပြောသည်။ 

“စစ်ကိုင်းတိုင်းမှာ အသေအဆုံးများတဲ့ လေကြောင်းတိုက်ခိုက်မှု ကနဦးသတင်းတွေက ထိတ်လန့်တုန်လှုပ်ဖွယ်ရာပဲ ဖြစ်တယ်၊ မတော်မတရား လေကြောင်းတိုက်ခိုက် သတ်ဖြတ်တာတွေနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ အိမ်တွေ မီးရှို့ခံရတာတွေက မြန်မာစစ်တပ်ရဲ့ အမှတ်တံဆိပ်ဖြစ်နေပြီ၊ မြန်မာစစ်တပ်ဟာ ခုခံမှုတွေကို စက်ဆုပ်ဖွယ် ကောင်းလောက်အောင် ဖြိုခွင်းနေပြီး လူထုကို အကြောက်တရား ရိုက်သွင်းနေတယ်၊ ဒီ ရွံရှာစက်ဆုပ်ဖွယ် နည်းဗျူဟာတွေကို မြန်မာပြည်သူတွေက ရင်ဆိုင်နေရတယ်”ဟု ၎င်းက ပြောသည်။ 

“မြန်မာနိုင်ငံအနှံ့ မညှာမတာ လေကြောင်းတိုက်ခိုက်မှုတွေ ကျုးလွန်နေတာဟာ လေယာဉ်ဆီ တင်သွင်းမှုတွေ ရပ်ဆိုင်းကြဖို့ အားချင်း လိုအပ်နေတာကို မီးမောင်းထိုးပြနေတာပဲ၊ မြန်မာလေတပ်ရဲ့ လက်ဝယ်ဆီ နောက်ဆုံး ရောက်သွားနိုင်မှာဖြစ်တဲ့ လေယာဉ်ဆီ တင်ပို့မှုတွေကို ရပ်တန့်ဖို့ နိုင်ငံအားလုံးနဲ့ လုပ်ငန်းတွေကို တောင်းဆိုထားတာကို AI အနေနဲ့ ထပ်လောင်းတောင်းဆိုတယ်၊ ဒီလို လေယာဉ်ဆီ ပေးပို့တာဟာ စစ်ရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်နေတာပဲ၊ အသက်တွေကို ကယ်တင်ဖို့ ရပ်တန့်ရမှာဖြစ်တယ်”ဟု မွန်စီ မာရာက ပြောသည်။ 

“လေးနက်တဲ့ အရေးယူမှုတစ်ချို့ လုပ်ဆောင်ထားပြီးပေမယ့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ တိုက်ခိုက်ခံနေရတာ ရပ်တန့်ဖို့ ပိုပြီး လုပ်နိုင်သလို ပိုပြီး လုပ်ရမှာ ဖြစ်တယ်၊ အခု လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ ရပ်တန့်အောင် လုံးလုံးလျားလျား မစွမ်းဆောင်နိုင်တဲ့ မြန်မာအရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် နှစ်နှစ်ပြည့် မတိုင်ခင်မှာ ဖြစ်ပွားလာတာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“အာဆီယံအနေနဲ့ နောက်တန်းမှာ နေနေရမယ့်အစား မြန်မာနိုင်ငံက လူ့အခွင့်အရေး ကပ်ဘေး ဖြေရှင်းရေးကို စတင်ရမှာဖြစ်ပြီး ဦးဆောင်အခန်းက ပါဝင်ရမှာ ဖြစ်တယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး တင်တာအပါအဝင် မြန်မာစစ်တပ် တာဝန်ခံရအောင် ထိရောက်တဲ့ အရေးယူမှုတွေကနေ နည်းလမ်းတွေ ရှာဖွေရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဧပြီ ၁၁ ရက် နံနက်ပိုင်းက မြန်မာစစ်တပ်သည် ကန့်ဘလူရှိ ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ကနဦးသတင်းများနှင့် လူမှုမီဒီယာ ဓာတ်ပုံများအရ သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး နိုင်ငံတစ်ဝန်းက အတိုက်အခံများကို စစ်တပ်၏ ဖြိုခွင်းမှုများ၌ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှု မြောက်ဖွယ် ကျုးလွန်မှုများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို AI က မှတ်တမ်းတင်လျက် ရှိသည်။ 

ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်ခြင်းမှ မြန်မာစစ်တပ်ကို တားဆီးရန် လေယာဉ်ဆီ တင်ပို့မှု ရပ်ဆိုင်းရေး တောင်းဆိုသည့် လှုံ့ဆော်မှုတစ်ရပ်ကို AI အဖွဲ့က ၂၀၂၂ နိုဝင်ဘာတွင် လုပ်ဆောင်ခဲ့သည်။ လေယာဉ်ဆီ ပေးပို့မှုတွင် ပါဝင်နေသော ကုမ္ပဏီများကိုလည်း ခွဲခြားဖော်ထုတ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်လည်း လုပ်ဆောင်သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မတိုင်ခင် နိုင်ငံအချို့က မြန်မာအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီး ယင်းအချိန်တွင် လေယာဉ်ဆီ လုပ်ငန်းကို ပစ်မှတ်ထားခဲ့သည်။  

မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်ပို့ခြင်း၊ ရောင်းချခြင်းနှင့် ထောက်ပံ့ခြင်းများကို ကနေဒါအစိုးရက တားမြစ်ခဲ့သည်။ မြန်မာတွင် စစ်ရာဇဝတ်မှုများ ကျုးလွန်မှုကို မီးထိုးနေသည်ဟု AI က ပထမဆုံး ဖော်ထုတ်ထားသည့် မြန်မာကုမ္ပဏီနှစ်ရပ်နှင့် လူပုဂ္ဂိုလ်နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဗြိတိန်ကလည်း ကြေညာသည်။ 

မြန်မာဆီ လေယာဉ်ဆီ တင်သွင်းခြင်းနှင့် ပတ်သက်သော AI အဖွဲ့၏ နောက်ဆုံး သုတေသနတွင် ဖော်ပြထားသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဗြိတိန်က ၂၀၂၃ မတ်လတွင် ကြေညာခဲ့ပြန်သည်။ 

မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ တင်ပို့ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင် ပါဝင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားပြီး ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ကြေညာခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly