ဆားလင်းကြီး ရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
19 April 2023
ဆားလင်းကြီး ရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့မရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၈ ရက်နေ့ ည ၁၀ အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အင်အား ၁၀၀ ခန့် တပ်စွဲနေသည့် အဆိုပါ မြို့ပေါ် ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၁၂၀ မမ ၊ ၈၀ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

“၁၂၀ မမ ၊ ၈၀ မမ ၊ ၆၀ မမ တွေနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် နှစ်နာရီ နီးပါး ရှိခဲ့ပါတယ်ဗျ၊ ညတိုက်ပွဲ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး” ဟု ချင်းတွင်း တိုးနယားတပ်ဖွဲ့မှ ကိုမြက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ယင်းတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ FBGA ၊Salingyi Bowdar Task Force ၊ BED ငညို ၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၉) ၊ MRDA Yinmarbin တပ်ခွဲ ၊စွန်ရဲ တပ်ဖွဲ့ နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၇ ရက်နေ့ကလည်း ယင်းမာပင် ရဲစခန်းကို ဒေသကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly