ကျနော့်မိသားစုဝင်တွေ ရုပ်အလောင်းတောင် ပြန်ရှာမရဘူး(ဆောင်းပါး)

By လင်းသူရိန်(မဇ္ဈိမ)
18 April 2023
ကျနော့်မိသားစုဝင်တွေ ရုပ်အလောင်းတောင် ပြန်ရှာမရဘူး(ဆောင်းပါး)

“ကျနော်မိသားစုဝင်တွေရဲ့ ရုပ်အလောင်းက တစ်လောင်းမှမတွေ့ဘူး။ ရှာမရဘူး။ အပိုင်းအစတွေပဲ စုပြီးမီးရှို့ထားခဲ့ရတယ်။ အဲဒီထဲမှာသူတို့ပါသွားမှာပါ။” လို့ ပဇီကြီးကျေးရွာက အသက် ၃၈နှစ်အရွယ် ကိုကောင်းကျော်(အမည်လွှဲက) ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် လူပေါင်း ၁၆၈ဦးအသက်ဆုံးရှုံးလိုက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

ဒီအသက်ဆုံးရှုံးလိုက်ရတဲ့ လူပေါင်း ၁၆၈ဦးထဲမှာ ခြောက်ဦးက ကိုကောင်းကျော်ရဲ့မိသားစုဝင်တွေပါ။ သူ့အဖေအပါအဝင် အစ်ကိုအကြီးဆုံး၊ ဒုတိယအစ်ကို၊ ညီဖြစ်သူရယ်၊ တူမနှစ်ယောက်နဲ့ တူတစ်ယောက်ပါဝင်ခဲ့တာပါ။တူမလေးတစ်ယောက်တော့ အသက် ခြောက်နှစ်အရွယ်ပဲ ရှိပါသေးတယ်။

ပဇီကြီးကျေးရွာဟာ စာရင်းတွေအရ လူဦးရေ ၂,၀၄၃ ဦးရှိပြီးအိမ်ခြေ ၂၃၃ လုံးရှိတဲ့ ကျေးရွာတစ်ခုပါ။ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမရှိတော့ဘဲ NUG နဲ့ချိတ်ဆက်ကာ ပြည်သူ့အုပ်ချုပ်ရေးပုံစံနဲ့ ရပ်ရွာကိစ္စတွေကို စီမံဆောင်ရွက်နေတဲ့ကျေးရွာတစ်ခုလို့ သိရပါတယ်။

ဧပြီလ ၁၁ရက်နေ့နံနက်ပိုင်းက ပဇီကြီးကျေးရွာကအရပ်သားတွေနဲ့အခြေပြုဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက်အလှူအတန်းအဖြစ် ရွာနီးချုပ်စပ်တွေကို ထမင်းဖိတ်ကျွေးတဲ့အတွက် အတွက်ရွာသူရွာသားတွေ ရောက်ရှိနေကြတာပါ။

ရွာသားတွေစုရုံးရောက်ရှိနေကြတဲ့ နံနက် ၇ နာရီခွဲအချိန်မှာတော့ စစ်ကောင်စီတပ်က Yark-130အမျိုးအစား ဂျက်ဖိုက်တာနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့်ဒဏ်ရာသူများနဲ့ ပြည်သူအများအပြားပြေးလွှားနေချိန်မှာ MI-35နဲ့လည်းထပ်မံပစ်ခတ်ခဲ့ပါသေးတယ်လို့ မြေပြင်ကရရှိတဲ့သတင်းအလက်တွေအရ သိရပါတယ်။

“အမှန်တိုင်းပြောရရင် လုပ်တဲ့သူတွေ လေယာဉ်နဲ့ဗုံးကြဲသွားတဲ့သူတွေကို ကျနော်တို့က တွေ့ရင်တော့ သတ်ပစ်ချင်တာပါပဲ။” လို့ ကိုကောင်းကျော်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့တိုက်ခိုက်မှုပြုလုပ်တာကို ဝန်ခံထားပြီး သေဆုံးမှုတွေဟာ သူတို့တိုက်ခိုက်မှုတစ်ခုတည်း ကြောင့်မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲတာကြောင့်လည်းပါတယ် လို့စွပ်စွဲထားပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ကိုကောင်းကျော်က “ကလေးလေးတွေရော လသားလေးတွေရော ထမင်းစားနေတဲ့အချိန်မှာ မိုင်းရှိမရှိဆိုတာ စဉ်းစားတတ်သူတိုင်းသိမှာပါ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ချတဲ့မိုင်းတွေဟာ ပြင်းထန်လှတဲ့အတွက် သေဆုံးသူတွေထဲ အပိုင်းပိုင်းပြတ်ထွက်ပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရတာတွေလည်း အများအပြားရှိပါတယ်။

ကလေးငယ် ၃၅ ဦးအပါအဝင် လူပေါင်း ၁၆၈ ဦးသေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာနဲ့အနီးတစ်ဝိုက်က ရွာသူရွာသားတွေဟာ အခုဆိုရင် လေတိုက်တိုင်း တိုက်လေယာဉ်တွေလာသလားဆိုပြီးတော့ ကြောက်လန့်နေတတ်ကြပါပြီ။

ပဇီကြီးကျေးရွာမှာ ကိုကောင်းကျော်လို မိသားစုဝင် အများအပြားသေဆုံးခဲ့ရသူတွေအပြင် မိဘတွေကို ဆုံးရှုံးလိုက်ရသူတွေ ၊ သားသမီးဆုံးရှုံးလိုက်ရတဲ့မိဘတွေနဲ့ ခြေလက်အင်္ဂါဆုံးရှုံးလိုက်ရသူတွေလည်း ရှိနေပါတယ်။

သူတို့တွေအတွက် ဆေးဝါးရိက္ခာအထောက်အပံ့တွေအပြင် စိတ်ဒဏ်ရာတွေကို ကုသဖို့အတွက် အထူးလိုအပ်တယ်လို့ ဆေးဘက်ဆိုင်ရာအကူအညီပေးသူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုကိုလက်မခံတဲ့ အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီမိုကရေစီလိုလားသူတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတာပါ။

လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုတွေထဲမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့ဟာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်တဲ့ နေရာတွေဖြစ်လာပါတယ်။

ဒီလိုတိုက်ခိုက် တော်လှန်တဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာ တွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေ အတွင်း စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာနှင့် ယင်းမာပင် မြို့နယ်ရင်ပေါင်တိုင်ရွာ တိုက်ခိုက်မှု ၊ ကချင်ပြည်နယ်ဖားကန့်မြို့နယ်အနန့်ပါ တိုက်ခိုက်မှုနဲ့ ယခုပဇီကြီးရွာ တိုက်ခိုက်မှုတွေဟာ ထင်ရှားတဲ့ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ပျက်ကွက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို မနေ့က ပြုလုပ်တဲ့ ပဇီကြီးကျေးရွာတိုက်ခိုက်မှုဖြစ်စဉ် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “အင်မတန်မှရှက်စရာကောင်းတယ်”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

မိသားစုဝင် ခြောက်ဦးဆုံးရှုံးခဲ့ရတဲ့ ကိုကောင်းကျော်ကတော့ “ကမ္ဘာကြီးကိုပဲအကူညီတောင်းရမှာပါ။ ဒါပါပဲ။ နောက်မိသားစုတွေ ဒီလိုမကြုံအောင်လို့ပေါ့။”လို့ဆိုပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly