ကရင်စစ်ရှောင် ၂၅၀ ဦးအား သောက်သုံးရေနှင့် ထမင်း၊ ဟင်း များလှူဒါန်း

By ဂျူချန်း (မဇ္ဈိမ)
14 April 2023
ကရင်စစ်ရှောင် ၂၅၀ ဦးအား သောက်သုံးရေနှင့် ထမင်း၊ ဟင်း များလှူဒါန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ဘေးရှောင်နေရသည့် လူဦးရေ ၂၅၀ ဦးကို ကျေးလက်မြေအဖွဲ့က သောက်သုံးရေနှင့် ထမင်း ဟင်းများ လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေနာယက ဦးဇော်မင်းထိုက်က ပြောသည်။

“သောက်သုံးရေက ကျနော်တို့ကားနဲ့ တိုက်ပြီးတော့ လှူဒါန်းပေးတာ ဖြစ်ပါတယ်။ (ရေယူသည့်နေရာနှင့်) သူတို့နေတဲ့ နေရာတွေနဲ့တော့ ဝေးပါတယ်ဗျ။ ​နောက်ပြီး ထမင်း၊ ဝက်သားဟင်း၊ သီးစုံချဉ်ဟင်းနဲ့ ရိုးရာ အထောင်းတွေကို ကျွေးမွေး လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီစစ်ရှောင်တွေက တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆို အရှေ့ခြမ်းကနေ ရောက်လာတာ ဖြစ်ပါတယ်။ ဒီစစ်ရှောင်တွေဟာ ရောက်လာတာ မကြာသေးတော့ သောက်သုံးရေနဲ့ ဆန်ဆီဆားငရုတ်ကြက်သွန် လိုအပ်မှုရှိတာကြောင့် ကျနော်တို့ အဖွဲ့ကနေ လှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု ဦးဇော်မင်းထိုက် ကပြောသည်။

စစ်ကောင်စီတပ်သည် ရှမ်းနှင့်ကရင်နီပြည်နယ် နယ်စပ်များတွင် အင်အားသုံး ထိုးစစ်ဆင်လျက်ရှိရာ ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာအတွင်း ၈၂ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲအကြိမ်အရေအတွက်သည် စစ်အုပ်ချုပ်ရေးမကြေညာမီ ကာလထက် သုံးဆ မြင့်တက်လာပြီး ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ် နှင့် ရှမ်း-ကရင်နီ နယ်စပ်များတွင် စစ်ဘေးရှောင် ၃၀၀,၀၀၀ နီးပါးအထိရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required