နယူးယောက်တွင် ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနှင့် ခါးစည်းခံမြန်မာပြည်သူများအတွက် ဆန္ဒပြ

By ဂျူချန်း (မဇ္ဈိမ)
14 April 2023
နယူးယောက်တွင် ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနှင့် ခါးစည်းခံမြန်မာပြည်သူများအတွက် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ဒေသစံချိန် ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ တွင် နယူးယောက်မြို့မှ ရဟန်းသံဃာများ အပါအဝင် မြန်မာတိုင်းရင်းသားများ ၃၀၀ ခန့် ဆုတောင်းဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ ရက်နေ့၌ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး Mi35 ရဟတ်ယာဉ်ဖြင့် အရပ်သားပြည်သူများအား ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၁၆၀ ထက်မနည်း သေဆုံးခဲ့ရခြင်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဆုတောင်းဆန္ဒဖော်ထုတ်ပွဲတွင် စစ်ကောင်စီ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချခဲ့ကြပြီးနိုင်ငံတကာ ခေါင်းဆောင်များက မြန်မာနိုင်ငံအား အကူအညီပေးနိုင်ရန် နယူးယောက်ရှိ မြန်မာလူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးလှုပ်ရှားသူများက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ တောင်းဆိုခဲ့ကြကြောင်း ဆိုသည်။

ထို့အပြင် စစ်အုပ်စုအား အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ NUG အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု၍ အစိုးရအချင်းချင်း တိုက်ရိုက်အကူအညီပေးခြင်းများ အလျင်အမြန်လုပ်ဆောင်ရန်၊ စစ်တပ်အား လေယာဉ်ဆီရောင်းချခြင်းများအား ပိတ်ပင်ရန်၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသူများကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ထံသို့ လွှဲပြောင်းပေးကြရန် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly