နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၃ ဧပြီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၃ ဧပြီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ
•    ယနေ့အထိရရှိသည့် အချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်အနက် ပထမအကြိမ် ပစ်ခတ်မှုမှာ စုစုပေါင်း (၁၆၅) ဦး သေဆုံးခဲ့ပြီး ကျား၊ မ၊ ကလေး ခွဲခြားရရှိသမျှမှာ အမျိုးသမီး (၂၇) ဦး၊ အသက်(၁၈) နှစ်အောက် ကလေး ကျား (၈) ဦး၊ မ (၁၁) ဦး ပါဝင်ကြောင်း NUG မှထုတ်ပြန်သည်။
•    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူဦးရေများကို ကာကွယ်ရေးဝန်ကြီးဌာနှင့် ကျန်းမာရေး ဝန်ကြီး ဌာန ဆေးတပ်ဖွဲ့များက ကုသပေးလျက်ရှိပြီး (၁၇) ဦးမှာအကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရပြီး စိုးရိမ်ရ အနေအထားမှာ ရှိနေကြောင်း ဒဏ်ရာရရှိသူများထဲတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်း သွားသည့် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦး၊ လက်တစ်ဖက် ဖြတ်လိုက်ရသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး တို့ ပါဝင် ကြောင်း ထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၉/၂၀၂၃)ကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတဝက်ချ အလေးပြုခြင်းနှင့် ၁ မိနစ် ငြိမ်သက် ဆုတောင်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ 
•    မြန်မာပြည်သူများလေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခံရခြင်း ဂျက်ဖိုက်တာများနှင့် ပစ်ခတ်တိုက်ခိုက် ခံရခြင်းများကို ကာကွယ်ပေးနိုင်ရန်အတွက် လေကြောင်းရန်ကြိုတင်အသိပေးစနစ်များ ထိရောက်သည့် ဆက်သွယ်ရေးစနစ် ၊ဆေးဝါးသယ်ယူပို့ဆောင်ရေး ဒရုန်းများ ကို ကူညီပေးရန် အမေရိကန်အစိုးရကို မြန်မာ့ အရေးလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
•    လုံခြုံမှုမရှိသည့် အခြေအနေမျိုးတွင် မြန်မာခိုလှုံခွင့်တောင်းခံသူများကို နေရပ်တိုင်းပြည်သို့ပြန်မပို့ရန် ထိုင်းအစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များအား ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ဧပြီ ၁၂ ရက်တွင် သတင်းထုတ်ပြန် တိုက်တွန်းလိုက်သည်။
•    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ မြန်မာစစ်တပ်ကနေ ပြုလုပ်ခဲ့သည့် လူအစုလို က်အပြုံလိုက်သေဆုံးစေမှု လေကြောင်းတိုက်ခိုက်မှုကို အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို ကပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း  ဧပြီလ ၁၃ ရက်မှာ ထုတ်ပြန်လိုက်သည်။
•    ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားဝင်းအနီးရှိ ရေကစားမဏ္ဍပ်ဝန်းကျင်တွင် ယနေ့ နံနက် ၁၁ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း ၊မုံရွာမြို့တွင် သင်္ကြန်အကြိုရက်ဖြစ်သော ယနေ့တွင် ရေကစားသူ မရှိသလောက်နည်းပါး ကြောင်း ဒေသခံများထံမှသိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ် ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဧပြီလ ၁၃ ရက် သင်္ကြန် အကြိုနေ့ဖြစ်သော ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။
•    စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မောက်ကတော် ချောင်းရိုး စနဗျင်း ပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ က ဧပြီလ ၇ ရက် နံနက် ၅ နာရီ အချိန်တွင် လက်နက် ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ထိ တွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်းထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
•    တန့်ဆည်မြို့နယ် ပင်မ သပိတ် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် တော်လှန်သင်္ကြန် အကြိုနေ့ အဖြစ် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိထားပြီဖြစ်ကြောင်း မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။
•    ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ပြည်သူများဦးဆောင်၍ တော်လှန်သင်္ကြန်(အကြိုနေ့) အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို မုံရွာ - ယာကြီး - ကလေးဝ ကားလမ်း တစ်နေရာ၌ ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
•    စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများမှ ချင်းတွင်းသံချပ်အဖွဲ့က စစ်အာဏာ ရှင်ကို အညာ ဒေသ ခွေးမောင်းသလို မောင်းထုတ်မယ့် သံချပ်တွေထိုးလို့ သင်္ကြန်အကြိုနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။
•    အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှ ကျဆုံးခဲ့ရသည့် ပြည်သူများ အတွက် ကျောင်းသားလက်ရုံး တပ်တော်မှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတဝက်လွှင့်ထူခဲ့ကြောင်း သိရသည်။
•    တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက် ၉ နာရီ အချိန်တွင် ကလွင်ကျေးရွာအုပ်စုရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ရေကစားမဏ္ဍပ်ကို လက်နက်ကိုင် ပျူစောထီးများ အပါဝင်သည့် အဖွဲ့ ဖြင့် လုံခြုံရေး အတင်းအကျပ်ပ် ပြုလုပ်ကာ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ရပ်ကွက် ရာအိမ်မှူးများနှင့် နီးစပ်သူများထံက သိရ သည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက်ပိုင်း၌ မြို့ပေါ်ရှိ ထားဝယ်သင်္ကြန်တွင် ရေကစားသူနည်းပါးနေကြောင်း သိရသည်။
•    ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဧပြီ ၁၆ရက် တနဂ်နွေနေ့တွင် Hira Kata Shi Nippei Park ပန်းခြံ၌ မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဦးစီး၍ ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
•    စစ်ကောင်စီတပ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူအများအပြား အိုးပစ်အိမ်ပစ်၊ သေကွဲရှင်ကွဲ ကွဲနေကြရပြီး ထိုသူများကို ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြပါရန် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) က ရန်ကုန်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။
•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား ရေးပြောက် ကျားတပ်ဖွဲ့(YGF)မှ သွားရောက်ပစ်ခတ်ခဲ့ရာ ရုံးအတွင်းရှိ ပြည်သူ့စစ်နှစ်ဦးသေဆုံးပြီး AK -47 ရိုင်ဖယ် သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
•    မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
•    ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် "အညာမြေအတွက် အတာရေမပတ်နဲ့" စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း ဒေသပြည်သူများက ပြောသည်။
•    ပြင်ဦးလွင်မြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့၌ တော်လှန်သင်္ကြန် အကြိုနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    မန္တလေး၊ မတ္တရာမြို့ အဝင် ရုပ်ထုအနီးရှိ ကြံ့ဖွတ်ရုံးရှေ့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးကြောင်း တောကြီးမြွေပွေး ပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။
•    မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းတိုက်နယ်အတွင်း စစ်တပ်ကားနှစ်စီးကို မိုင်းဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) က ဧပြီလ ၁၂ရက်နေ့တွင်ထုတ်ပြန်သည်။
•    ပဲခူးတိုင်း၊ သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြီး ချင်း ကာကွယ်ရေးတပ် (CDF) မင်းတပ် တပ်ဖွဲ့ဝင်များက ကွင်းဆင်းရှင်းလင်းရာတွင် မပေါက်ကွဲဘဲ ကျန်နေခဲ့ သည့် ဗုံးဆန်များ၊ ဗုံးသီးများ တွေ့ရှိခဲ့ရကြောင်း ယနေ့ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များနှင့်တကွ ထုတ်ပြန်ထားသည်။
•    ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်လက်နက်နှင့် ရိက္ခာများ တင်ဆောင်လာသည့် စစ်ကြောင်းပါ ယာဉ်များအားလုံး ဖျက်ဆီးလိုက်နိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA)ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။
•    ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း နယ်မြေခံ သတင်းရင်း မြစ်ဖြစ် သည့် The Kokang ထံမှ သိရသည်။
စစ်ကောင်စီ
•    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများနှင့် ထိုင်းတွင် ဖမ်းဆီး တရားဆွဲဆိုခံရသည့် မြန်မာလက်နက်ပွဲစား ထွန်းမင်းလတ် ပါဝင်ပတ်သက်သော အမှုမှ သူ၏ သမီး အမည်ကို ပယ်ဖျက်ပေးရန် ထိုင်းအာဏာပိုင်များကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။
•    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး (၇) နိုင်ငံ က ပဇီကြီး ကျေးရွာ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို လစ်လျူရှုကာ ကန့်ကွက်ရှုတ်ချမှု များပြု လုပ်နေကြောင်း အကြမ်းဖက်စစ်ကောင်စီက လိမ်လည်ပြောဆိုသည်။ 
•    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးပူးပေါင်းဖလှယ်ရန် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဧပြီလ ၁၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
•    ယနေ့(ဧပြီ ၁၃ ရက်) ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို နံနက် ၇နာရီခွဲအချိန်က အကြမ်းဖက်စစ်ကောင်စီများမှဖွင့်လှစ်ကျင်းပခဲ့သည်။
ဧပြီ ၁၃ ရက် သုံးသပ်ချက်
•    ရန်ကုန်မြို့တွင် မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တို့တွင် စစ်ကောင်စီ၏ အစီအစဉ်ဖြင့် စည်ကားအောင် ကြိုစားပြုလုပ်ထားသည်ကိုတွေ့ရသော်လည်း နေရာအတော်များများတွင် တိတ်ဆိတ်နေကြောင်း တွေ့ရသည်။
•    အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှုကျူးလွန်မှုကြောင့် နိုင်ငံတကာမှ ကန့်ကွက်ရှုတ်ချသည်ကို လိမ်လည်ကာ ပြန်လည်ဖြေရှင်းနေပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုကို ဗြောင်ငြင်း ရန် ကြိုးပမ်းနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required