စစ်အာဏာရှင်ဆန့်ကျင်ခဲ့ဖူးသည့် အနုပညာရှင်အချို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တွင် ပြန်လည်ထွက်ပေါ်လာ

By ဂန္ဒမာ (မဇ္ဈိမ)
13 April 2023
စစ်အာဏာရှင်ဆန့်ကျင်ခဲ့ဖူးသည့် အနုပညာရှင်အချို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တွင် ပြန်လည်ထွက်ပေါ်လာ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်များအား ဆန့်ကျင်ဆန္ဒပြခဲ့ဖူးသည့် အနုပညာရှင်အချို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တွင် ပြန်လည်ထွက်ပေါ်လာသည့် ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မြင်တွေ့ရသည်။ 

ထိုသူများမှာ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော် G Fatt နှင့် အဆိုတော် Floke Rose တို့ဖြစ်ကြပြီး ထွက်ပေါ်လာသော ဓာတ်ပုံများနှင့်ပတ်သက်၍ ပြည်သူအချို့ကြား ယခင်နှစ်ပုံ (သို့) ယခုနှစ်ပုံ စသည်ဖြင့် အငြင်းပွားမှုများဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ယခုနှစ် သင်္ကြန်အကြိုနေ့မြင်ကွင်းပုံများ ဟုတ်၊ မဟုတ် အတည်ပြုရာ ”ပုံမှာ ၁၃၈၄ လို့ ပါပါတယ်ဗျ” ဟု ဓာတ်ပုံများဖြန့်ဝေလာသည့် ဖေစ့်ဘွတ်ဂရု အက်ဒမင်က ပြောသည်။ 

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်သည် စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလက မြောက်ဒဂုံရှိ နေအိမ်တွင် ဖမ်းဆီးခံရရာမှ ၂၀၂၁ ဒီဇင်ဘာလတွင် အင်းစိန်ထောင်တွင်းတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်််ခံခဲ့ရသူဖြစ်သည်။ ထို့နောက် ၂၀၂၂ ခုနှစ် မတ်လတွင် ထောင်မှပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 

အဆိုတော် G Fatt မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့တွင် သူရဲကောင်း အမည်ရ တော်လှန်ရေးနှင့်သက်ဆိုင်သည့် သီချင်းတစ်ပုဒ်သီဆိုနေသော ရုပ်သံဖိုင်တစ်ခုပျံ့နှံ့လာရာမှ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး၏ တယ်လီဂရမ် ချန်နယ်မှ ၎င်းအား ဖမ်းဆီးရန် တိုက်တွန်းလှုံ့ဆော်မှုများပြုလုပ်လာခဲ့သည်။ ထိုအချိန်မှ စ၍ အဆိုတော် G Fatt သည် လွတ်မြောက်ရာနေရာတွင် ပုန်းရှောင်နေခဲ့ရကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းများသီဆိုခဲ့သည့် အဆိုတော် Floke Rose နှင့် အတူတွဲ၍ တွေ့မြင်လာရသည်။

ထို့နောက် ၂၀၂၃ ခုနှစ် မတ်လတွင် ၎င်းတို့နှစ်ဦး စစ်ကောင်စီလက်အောက်သို့ ပြန်လည်ဝင်ရောက်သွားသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်  ယခု ဧပြီလ သင်္ကြန်ချိန်ခါတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု၏ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဏပ်တွင်ရှိနေသည့်ပုံများကို မြင်ရခြင်းဖြစ်သည်။ 

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသော ၎င်းတို့၏ ဓာတ်ပုံများနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly