မင်းကင်းမြို့နယ် သေမသောက် ပျူရွာအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ် ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
13 April 2023
မင်းကင်းမြို့နယ် သေမသောက် ပျူရွာအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ် ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ သေမသောက် ပျူရွာအနီး တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ် နှင့် ပျူ ပူးပေါင်း အဖွဲ့ကို ဒေသကာကွယ်ရေး တပ်များက ဧပြီလ ၁၁ ရက် နေ့လယ် ၁ နာရီ အချိန်တွင် လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MKPDF-4 တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦး ရှိခဲ့ကြောင်း မင်းကင်း တပ်ရင်း(၄) တပ်ထောက် တာဝန်ခံက ပြောသည်။

“စစ်သား နှင့် ပျူ ၁၀ ဦး ပါဝင်သည့် ရွာကင်းအား အချိန်းအပြောင်း လုပ်နေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့မှ လေးဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်။ နောက်ပိုင်း ပျူရွာ အတွင်းက တပ်ကူ ရောက်လာသည့် အတွက် ကျနော်တို့ ဆုတ်ခွာခဲ့ရတာ ဖြစ်တယ်” ဟု ၎င်း ကဆိုသည်။

ထို တိုက်ခိုက်မှုကို မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်း မှ ဦးဆောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် အသေအဆုံး ထိခိုက်မှုများ ရှိနေသည့် စစ်ကောင်စီ တပ်နှင့် ပျူ ပူးပေါင်း အဖွဲ့သည် အရပ်ဝတ်များဖြင့် မောက်ကတော် ကျေးရွာကို မီးရှို့ကာ PDF များက ရှို့သည်ဟု သတင်းမှားများ လွှင့်နေသည်ကို အတွင်းသတင်းပေးအရ သိရှိထားကြောင်း မင်းကင်းတပ်ရင်း(၄) မှ တပ်ထောက် တာဝန်ခံက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly