နေပြည်တော်တွင် သင်္ကြန်အကြိုနေ့၌ ရေကစားသူ မရှိသလောက်နည်းပါးပြီး ခြောက်ကပ်

By 001 (မဇ္စျိမ)
13 April 2023
နေပြည်တော်တွင် သင်္ကြန်အကြိုနေ့၌ ရေကစားသူ မရှိသလောက်နည်းပါးပြီး ခြောက်ကပ်

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင်ကျရောက်သော သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၌ လမ်းမများ၊ ရပ်ကွက်များတွင် သင်္ကြန်ရေကစားသူမရှိသလောက်နည်းပါးပြီး ခြောက်ကပ် လျက်ရှိသည်ကို တွေ့ရသည်။

နေပြည်တော်အတွင်း ရပ်ကွက်များ၌ ကလေးငယ်အချို့ ရေပက်ကစားနေသည်ကိုတွေ့ရပြီး လမ်းမများ တွင်လည်း သင်္ကြန်ရေပက်ခံထွက်သည့်ဆိုင်ကယ် အနည်းအကျဉ်းသာရှိသည်ကို တွေ့မြင်ရသည်။
အလားတူ ပျဉ်းမနားမြို့တွင်လည်း ရှမ်းကန်အပါအဝင် အာဏာမသိမ်းခင် သင်္ကြန်ကာလများတွင် စည်ကားခဲ့သည့် နေရာများ၌ ရေပက်သူမရှိ လည်ပတ်သူမရှိ ခြောက်ကပ်လျက်ရှိသည်။

စစ်ကောင်စီဝန်ကြီးဌာနများနှင့် Brilliant Auraကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ထားသည့် ပျဉ်းမနား- တောင်ညိုလမ်း လမ်းလျှောက်သင်္ကြန်ကျင်းပရာနေရာတွင်မူ လုံခြုံရေးအထူးတင်းကျပ်ထားပြီး ကား၊ ဆိုင်ကယ် အဝင်အထွက်လည်း ပိတ်ထားသည်။

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရန် စစ်ကောင်စီက ဝန်ထမ်းများကို နေရပ်မပြန်ခိုင်းဘဲ အဆိုပါနေရာများသို့ အကြိုအပို့ပြုလုပ်ပေးလျက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝိုင်းနှင့် နီးစပ်သူများကပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly