ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသား ၁ ဦးကို ထိုးသွင်းဒဏ်ရာများဖြင့် ယာဉ်ပေါ်တွင် သေဆုံးလျက်တွေ့

By ဂန္ဒမာ (မဇ္ဈိမ)
12 April 2023
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသား ၁ ဦးကို ထိုးသွင်းဒဏ်ရာများဖြင့် ယာဉ်ပေါ်တွင် သေဆုံးလျက်တွေ့

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၈ ရပ်ကွက်၊ သံလွင်လမ်းနှင့် ကွမ်အပ်မင်းသားကြီး လမ်းဆုံအနီးတွင် အမျိုးသားတစ်ဦးအား ထိုးသွင်းဓားဒဏ်ရာများဖြင့် ယာဥ်ပေါ်တွင် သေဆုံးလျက် တွေ့ရှိခဲ့သည်။

“ ကျွန်တော့်ညီလေး တစ်ယောက်သွားကောက်တာပဲ။ ဖုန်းဝင်လာတာကတော့ မနက် ၆ နာရီလောက်ပေါ့။ ဖြစ်တာက မနက် ၄ နာရီလောက်ထဲကထင်တယ်။ သွားကောက်တော့ သေနေပြီ။ တက္ကစီယာဉ်မောင်းပဲဗျ။ စကေပါနဲ့ထိုးခံထားရတာ။ ကျွန်တော်တို့က သွားကူညီရုံပဲမို့ အဲ့လောက်ပဲသိပါတယ် ” ဟု ရွှေသန်လျင် နာရေးကူညီမှုအသင်း (ဒဂုံ) မှ တာဝန်ရှိသူက မဇ္ဈိမသို့ ဖုန်းဖြင့် ဖြေကြားသည်။ 

အဆိုပါအမျိုးသား၏အလောင်းအား ရွှေသန်လျင်နာရေးကူညီမှုအသင်းမှ စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ၎င်း၏မိသားစုများနှင့် အဆက်အသွယ်ရရှိခြင်း မရှိသေးကြောင်း ပြောသည်။ 

သေဆုံးသူသည် ယာဉ်မောင်းထိုင်ခုံတွင် ဒဏ်ရာများဖြင့် ထိုင်လျက်သေဆုံးနေသည်ကို တွေ့မြင်ရပြီး ၎င်း၏ ဖုန်းနှင့် ပိုက်ဆံအိတ်များပျောက်ဆုံးနေသည်ဟုလည်း ၎င်းက ဆက်လက်ဆိုသည်။

ရုပ်အလောင်းနှင့်ပတ်သက်၍ ထွက်ပေါ်လာသောဓာတ်ပုံများအရ တက္ကစီယာဥ် နံပါတ်မှာ AA-7320 ဖြစ်ပြီး TOYOTA CALDINA ယာဉ်အမျိုးအစားဖြစ်သည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly