ကျောက်ပန်းတောင်း မြို့အဝင်တိုးဂိတ်တွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေး တင်းကြပ်

By ကီရာ (မဇ္ဈိမ)
12 April 2023
ကျောက်ပန်းတောင်း မြို့အဝင်တိုးဂိတ်တွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေး တင်းကြပ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြို့အဝင်တိုးဂိတ်တွင် ယနေ့ ဧပြီလ ၁၂ ရက် နံနက် ပိုင်းမှစတင်၍ စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေးများ တင်းကြပ်နေသည်ဟု သိရ သည်။

ပြီးခဲ့သည့်ရက်များက ယခုကဲ့သို့ စစ်ဆေးမှုများမရှိခဲ့ဘဲ ယနေ့တွင် လက်နက်အပြည့်အစုံတပ်ဆင်ထား သည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်မှ တိုးဂိတ်အဝင်တွင် စစ်ဆေးမေးမြန်းမှုများအပြင် သယ်ဆောင် လာသည့်အထုတ်အပိုးများကို ထုရိုက်စစ်ဆေးမှုများပါ ပြုလုပ်နေကြောင်း သိရသည်။

“ရှေ့ရက်တွေတုန်းက ဘယ်သွားမလဲဘာလဲဆိုတာလောက်ပဲ မေးတာမြန်းတာ။ ဒီနေ့တော့ မှတ်ပုံတင် တွေလည်းစစ်တယ်၊ အိတ်တွေကိုလဲ ထုရိုက်တယ်” ဟု စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်များကို ပိုမိုစစ်ဆေးပြီး မိတ္ထီလာအထွက် ၂၈၅ မိုင်ဂိတ်တွင်   လူငယ်များကို တစ်ဦးချင်း ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရသည်။

“Express ကားတွေဆိုရင် ခရီးသည်တွေကို အကုန်ကားပေါ်ကဆင်းခိုင်းပြီး စစ်တယ်။ လူငယ်တွေဆိုရင် တစ်ယောက်ချင်းခေါ်ပြီး သေချာစစ်တယ်၊ လူငယ်တွေဆိုရင် တခြားလူတွေထက် ပိုစစ်ဆေးကြတယ်။ အိမ်စီးကားတွေဆိုရင်တော့ သိပ်စစ်တာ မတွေ့ရဘူး” ဟု စစ်ဆေးမှုကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တန့်‌ကြည်တောင်ဘက်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အဆိုပါဒေသအတွင်းနေထိုင်သူများမှာ နီးစပ်ရာမြို့နယ်များတွင် ခိုးဝှက်ရှောင်တိမ်း နေထိုင်နေရပြီး ဒုက္ခသည်စခန်းပင် ဖွင့်ခွင့်မရှိကြောင်း သိရသည်။

“ညဘက် လှေနဲ့ထွက်ပြေးလာကြတဲ့သူတွေက နီးစပ်ရာဘက်တွေမှာ ခိုးဝှက်နေ နေရတယ်ဗျာ။ ဒုက္ခသည် စခန်းတောင်ဖွင့်မရဘူး။ စစ်တပ်က သိတာနဲ့ ပြန်ခိုင်းတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြော သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly