တောင်ဒဂုံရှိ ချို့တဲ့ကလေးငယ်များအား ပရဟိတအဖွဲ့ ၃ခုစုပေါင်း၍ ရှင်ပြုပေး

တောင်ဒဂုံရှိ ချို့တဲ့ကလေးငယ်များအား ပရဟိတအဖွဲ့ ၃ခုစုပေါင်း၍ ရှင်ပြုပေး

ရန်ကုန်၊ မတ်လ၂၃ ။                ။ သဲတစ်ပွင့် ပရဟိတအဖွဲ့ စေတနာရှင် လူငယ်လေးများအဖွဲ့ နှင့် ၇၀ နဝဒေး လူငယ်လူမှုကူညီရေးအဖွဲ့စသည့် ပရဟိတအဖွဲ့ ၃ခုစုပေါင်း၍ ရှင်ပြုအလှူတစ်ခုအား မတ်လ ၂၃ရက် နံနက် ၈နာရီက တောင်ဒဂုံ ၁၀၅ ရပ်ကွက် ကမ္ဘာအေးစေတီ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

"တောင်ဒဂုံမှာ စေတနာရှင်လူငယ်လေးများအဖွဲ့ ဆိုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့လေးတွေက ချို့တဲ့တဲ့ ကလေးငယ်တွေ ဖြစ်ပေမယ့် လူကြီးတွေတောင် လျစ်လျူရှုထားတဲ့ အမှိုက်ကောက်တဲ့ ကိစ္စကို တက်တက်ကြွကြွ မရှက်မကြောက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သင်္ကန်းစီးလိုတဲ့ သူတို့လေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုတာကြောင့် စိတ်အားမငယ်စေလိုတာကြောင့်ရယ်   ပြည်သူလူထုကိုလည်း ချို့တဲ့ကလေးတွေရဲ့ အနာဂါတ်ဘဝနဲ့ ပတ်သက်ပြီး သတိပြုမိစေဖို့ လှုံ့ဆော်ပေးပြီးသား ဖြစ်လိုတာကြောင့်ပါ " ဟု သဲတစ်ပွင့် ပရဟိတအဖွဲ့မှ ကိုအောင်သန်းထွဋ်က မဇ္ဈိမကို ပြောသည်။

စေတနာရှင်တစ်ဦးဖြစ်သူ ရေစကြိုမြို့နေ ကိုကျော်သူသူက အစိုးရသစ်နဲ့ လူငယ်ထုအနာဂါတ်နှင့်ပတ်သက်၍ "အစိုးရသစ်အနေနဲ့ လူငယ်တွေကို အထူးဦးစားပေးပြီး တိုင်းပြည်ရဲ့ ရတနာတွေလို့ သူတို့အနေနဲ့သတ်မှတ်ထားတာဖြစ်တဲ့အတွက် ယခင်အစိုးရထက်တော့ အလားအလာကောင်းလာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားတဲ့အတွက် အစိုးရတစ်ခုတည်း အနေနဲ့မပြီးပါဘူး လူထုရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်အား ဉာဏ်အား ပူးပေါင်းမှု လိုအပ်ပါတယ်။ အားလုံးပူးပေါင်းမှုနဲ့သွားမယ်ဆို အောင်မြင်ပါလိမ့်မယ်။ လုပ်ဆောင်တဲ့ အခါမှာလည်း လူငယ်တွေနဲ့ပတ်သတ်လို့ သီးခြားမူဝါဒတွေ စီမံကိန်းတွေ ရေးဆွဲပြီး လုပ်ဆောင်မယ်ဆိုရင် နောင်အနာဂါတ်လူငယ်တွေအတွက် ပို အလားအလာကောင်းနိုင်ပါတယ်" ဟု ၎င်း၏ အမြင်ကိုပြောကြားသည်။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အနေဖြင့် အစိုးရအဖြစ်တာဝန်လွှဲပြောင်းယူရန် ရက်ပိုင်းသာလိုတော့ပြီး နိုင်ငံအား မည်သို့မည်ပုံကိုင်တွယ်မည်မှာ စိတ်ဝင်စားစရာတစ်ခုဖြစ်နေပြီး   ပြည်တွင်းငြိမ်းချမ်းရေး ပညာရေး တရားဥပဒေစိုးမိုးမှုအပြင် ဆင်းရဲမွဲတေမှု အစရှိသည့် စိန်ခေါ်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly