CDF – Matupi ဖွဲ့စည်းတည်ထောင်သည့် ၂ နှစ်ပြည့်ချိန်တွင် ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ပြီးဟုဆို

By ပါခွီး (မဇ္စျိမ)
11 April 2023
CDF – Matupi ဖွဲ့စည်းတည်ထောင်သည့် ၂ နှစ်ပြည့်ချိန်တွင် ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ပြီးဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) စတင်ဖွဲ့စည်းတည်ထောင်သည့် နှစ်နှစ်ပြည့်ချိန်တွင် ၎င်းတို့၏ ရဲဘော် ၂၄ ဦးအထိ ကျဆုံးခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

စတင်ဖွဲ့စည်းခဲ့သည့် ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ် တွင် နှစ်နှစ်ပြည်ပြီဖြစ်ပြီး ထိုကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ကျဆုံးရဲဘော် ၂၄ ဦး အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လွှတ်ခဲ့ကြသော အာဇာနည်ကျဆုံး ရဲဘော်များ၊ ဒဏ်ရာရရဲဘော်များနှင့် ယနေ့အထိတိုင် တော်လှန်တိုက်ပွဲဝင်နေကြသော ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ဆိုသည်။

“ နှစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ကျော်ရှိပြီး စစ်ကောင်စီတပ်သားအများအပြားကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ် ” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၎င်းတို့တပ်ဖွဲ့တွင် ကျဆုံးရဲဘော်များသာမက ဒဏ်ရာရရှိသူအများအပြားရှိနေပြီး လက်ရှိတွင် ရဲဘော် ၁၅ ဦး ဆေးကုသခံယူနေရလျက်ရှိကြောင်း ဆိုသည်။

ယနေ့ထိတိုင် တပ်ဖွဲ့ရပ်တည်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့လျက်ရှိသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDF – Matupi သည် စစ်ကောင်စီတပ်နှင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် လက်နက်ခဲယမ်းနှင့်ရန်ပုံငွေများစွာ အခက်အခဲရှိနေပြီး မိုးတွင်းသို့ရောက်ရှိလာပါက ပိုမိုကျပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။

၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ပျက်သုဥ်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရန် ဆက်လက်တိုက်ပွဲဝင် တော်လှန်သွားမည်ဖြစ်ကြောင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly