ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး

By ကိုခင်မောင်
11 April 2023
ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ ပဇီကြီးရွာတွင် အခမ်းအနားတစ်ခု ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို ရေတွက်၍မရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရ သည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ ပဇီကြီးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များက အခမ်းအနားဖွင့်ပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က ထိုရွာနှင့်အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။

“ဗုံးချသွားတာ။ ပထမတော့ ဂျက်ဖိုက်တာနဲ့ဗုံးချသွားပြီးနောက် သုံးမိနစ်လောက်နေတော့ MI 35 နဲ့ ပစ်ခံရ သေးတာဗျ။ ဗုံးချတဲ့အကြိမ်ရေတော့ တိတိကျကျ မသိရသေးပါဘူး။ အသေအပျောက်နဲ့ ထိခိုက်မှုများနိုင် တယ်လို့ကြားရတယ်”ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြော သည်။

လေကြောင်းမှတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပျက်စီးမှုများပြားကြောင်း မြေပြင်သတင်းအတည်ပြု ချက်အရသိရပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လတ်တလောတွ၍် မြေပြင်အခြေအနေကိုစောင့်ကြည့်၍ ဒဏ်ရာရလူနာများအား ကယ်ထုတ်ရန် ကြိုး စားလုပ်ဆောင်နေကြကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

“အလောင်းတောင် ရေတွက်မရဘူး လေကြောင်းလည်း ကြောက်ရသေးတယ်။ မြေပြင်ကလူတွေ အခုထိ စိစစ်တုန်းမို့ပါ” ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူက ပြောသည်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေချိန် လေကြောင်းဖြင့် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြ ကြောင်းလည်း ဒေသခံကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required