မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနှင့် အိမ်အကူ အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

By 007 (မဇ္ဈိမ)
11 April 2023
မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနှင့် အိမ်အကူ အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ မန္တလေးတိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးနှင့်အိမ်အကူ အမျိုးသမီးတို့ နေအိမ်အတွင်းအသတ်ခံရပြီး၊ နေအိမ်မီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် အကွက်အမှတ်(၈၉၆)၊ ၃၁ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူး၏သုံးထပ်တိုက်နေအိမ်တွင် ယနေ့ဧပြီ ၁၁ ရက်နံနက် ၃ နာရီ  မိနစ် ၂၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုသတင်းအရ မီးသတ်ဦးစီးဌာနက သွားရောက်မီးငြှိမ်းသတ်ရာမှ၊ နေအိမ်အတွင်း ၎င်းတို့နှစ်ဦးအား သေဆုံးလျက်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနနှင့်နီးစပ်သည့် အသိုက်အဝန်းမှသိရသည်။

“မီးလောင်တဲ့အိမ်ထဲမှာ အမျိုးသမီးအလောင်းနှစ်လောင်းတွေ့တော့ မီးလောင်မှုဖြစ်စဉ်ကြောင့်သေတယ်လို့ပဲ ပထမတော့ယူဆကြတာပေါ့၊ နောက်တော့တာဝန်ရှိသူတွေ စစ်ဆေးမှုအရ အသတ်ခံထားရတာဖြစ်နေတယ်၊ အိမ်ရှင်က တရားလွှတ်တော်ဒုညွှန်မှူးတဲ့ မန္တလေးက” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

အသတ်ခံရသည့်အိမ်ရှင်ဖြစ်သူသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည်(အသက် ၅၀ နှစ်)ဖြစ်ပြီး၊ အိမ်အကူအမျိုးသမီးသည် မအေးသန္တာ(အသက် ၄၀ ဝန်းကျင်) ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ အလောင်းများအားစစ်ဆေးမှုအရ အိမ်ရှင်ဖြစ်သူတွင် လည်ပင်းဓားထိုးစိုက်လျက် မျက်နှာပြင်တွင် ပြတ်ရှဒဏ်ရာများတွေ့ရကြောင်း၊ အိမ်အကူတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ၊ မီးသတ်ဦးစီးဌာနက Level 1 အဆင့်ဖြင့်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မွေ့ယာ ခုတင်နှင့် အတွင်းပစ္စည်းအနည်းငယ်မီးလောင်ခံခဲ့ရကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required