မြန်မာနိုင်ငံတွင် တရုတ်က တရားမဝင်သတ္တုတူးဖော်မှုများ လုပ်ဆောင်နေ

မြန်မာနိုင်ငံတွင် တရုတ်က တရားမဝင်သတ္တုတူးဖော်မှုများ လုပ်ဆောင်နေ

မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်သည် မြေရှားသတ္တုများထွက်ရှိရာ အဓိကအချက်အချာကျသော နေရာဖြစ်သောကြောင့် ထိုဒေသတွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများအတွက် ရတနာသိုက်ကြီးဖြစ်လာသည်။ ပံ့ပိုးပေးနေသောစစ်ကောင်စီနှင့် အာဏာပိုင်အဖွဲ့အသီးသီးသည် မြေရှားသတ္တုတူးဖေါ်မှုနှင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မှုများကို ကူညီထောက်ပံ့နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများ သိသိသာသာ တိုးလာခဲ့သည်။  တရုတ်ကုမ္ပဏီများအပြင် အဆက်မပြတ်ဝင်ငွေရရှိသည့် လုပ်ငန်းများသည် သဘောထားကွဲလွဲမှုများအား  စစ်တပ်က ချေမှုန်းရာတွင် အထောက်အကူပြုလျက်ရှိသည်ဟု ဆိုကြသည်။ သတ္တုတူးဖော်ရေးကုမ္ပဏီများသည် တရားမဝင် တူးဖော်မှုများ လုပ်ဆောင်နေစဉ်မှာ အာဏာပိုင်များက မျက်ကွယ်ပြုထားစေရန် လာဘ်ထိုးကြကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။ 

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်သားများနှင့် အရပ်ဖက်အဖွဲ့အစည်း အဖွဲ့ဝင်များ၏ မထိရောက်သော တောင်းဆိုသံများသည် တရုတ်၏လွှမ်းမိုးမှုအောက်တွင် ကွယ်ပျောက်သွားရသည်။

ရွှေကိုအလွန်အကျွံတူးဖော်ခြင်းသည် ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်တွင် ကချင်ပြည်နယ်၌ ရွှေတူးဖော်မှုများ အတားအဆီးမရှိ  လုပ်ဆောင်လာကြသည်။ သတ္တုတွင်းမှစွ့န်ပစ်ပစ္စည်းများကို မြစ်များ၊ ချောင်းများနှင့်ရေကန်များအတွင်းသို့ မပစ်ရန် စည်းမျဉ်းများသတ်မှတ်ထားသော်လည်း ရွှေတွင်းမှ ရေစီးကြောင်းများသည် ကချင်ပြည်နယ်ရှိ မြစ်အတွင်းသို့ စီးဝင်ပြီး ဖြန့်ဖြူးနေသောရေများကို အဆိပ်သင့်စေကာ ဒေသခံများ၏ လူနေမှုဘဝများကို ထိခိုက်စေလျက်ရှိသည်။ 

ဒေသခံတောင်သူများသည် မြေဆီကောင်းမွန်သည့် တခြားဒေသသို့ ပြောင်းရွှေ့ရမည်ကို စိုးရိမ်နေကြသည်။ ဝေဖန်မှုများ ရင်ဆိုင်နေရစဉ်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူက သတ္တုတူးဖော်မှုများကို တရားဝင် ခွင့်မပြုထားကြောင်းနှင့်   မိုးညှင်းမြို့တွင် တရားမဝင် ရွှေတူးဖော်မှုများကို အရေးယူလျက်ရှိကြောင်း ပြောသည်။

ကုမ္ပဏီများသည် အမြတ်ထုတ်ရမည့် လုပ်ငန်းခွင်နေရာများ မကျန်ရှိတော့မှသာ သတ္တုတူးဖော်မှုကို ရပ်တန့်ကြကြောင်း သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတချို့က ပြောသည်။ တရားမဝင် ရွှေသတ္တုတူးဖော်မှုသည် ပူတာအိုဒေသတွင် အတားအဆီးမဲ့လုနီးပါး တိုးချဲ့လာကြကာ ယမန်နှစ်မှစ၍ ရွှေသတ္တုတူးဖော်သည့် လုပ်ကွက် ၁၅၀ ခန့်အထိ ရှိလာပြီး ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေခဲ့သည်။ အနီးအနားရှိ ဆွမ်ပီယန်၊ အင်လွယ်ယန်၊ ရှီကိုင်ယန်၊ အာလန်ဂါ၊ အင်ကာဂါနှင့်ဖွန်ကျန် စသည့် ရွာများတွင်လည်း အလားတူဖြစ်ရပ်များ တွေ့ရသည်။

တရုတ်ကုမ္ပဏီများသည် အနှောင့်အယှက်ကင်းကင်းဖြင့် သတ္တုတူးဖော်လာရာမှ ခုတစ်လော ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများကို စတင်ရင်ဆိုင်လာရသည်။ ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် သတ္တုတူးဖော်မှုများကြောင့် ရေရှည်ပျက်စီးနိုင်ခြေကို သိရှိနားလည်သည့် ဒေသခံများသည် အဆိုပါကုမ္ပဏီများကို အကြီးအကျယ် မကျေမနပ်ဖြစ်လာပုံရသည်။

 ဆန္ဒပြသူ ၁၀၀၀ ကျော်သည် ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မန်စီမြို့ရှိ အင်ဘာပါနှင့် ဒိန်စိန်းပါ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်ရှိ တရုတ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်သော တဲအချို့ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ မြေရှားသတ္တုလုပ်ကွက်ရှိ တရုတ်ကုမ္ပဏီမှ အလုပ်သမားများနှင့် လုံခြုံရေးဝန်ထမ်းများ ထွက်သွားကြရန်လည်း တောင်းဆိုခဲ့ကြသည်။ ကုမ္ပဏီစီမံခန့်ခွဲရေးအဖွဲ့က ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ၎င်းတို့အား သတ္တုတူးဖော်ခွင့်ပေးထားကြောင်းနှင့် ခွင့်ပြုချက်ရပြီးမှ လုပ်ငန်းစတင်ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့သည်။

သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့် တရုတ်လူမျိုးများ ချင်းနင်းဝင်ရောက်မှု မြင့်တက်လာသောကြောင့် ကချင်ပြည်နယ်အတွင်း လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်အသင်းတော် ခေါင်းဆောင်များကလည်း စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဘုန်းတော်ကြီး ရေမွန်ဆွမ်လတ်ဂမ်ဦးဆောင်သော ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှ ခရစ်ယာန်ဘာသာသာရေးခေါင်းဆောင်များက မြေရှားသတ္တုများသည် ဘုရားသခင်ထံမှ လက်ဆောင် ဖြစ်သောကြောင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း မတ်လ ၄ ရက်က ပြောကြားခဲ့သည်။ ဗန်းမော်ခရိုင် မန်စီမြို့နယ် အင်ဘာပါနှင့်ပတ်ဝန်းကျင်ရွာများတွင် တရားမဝင် သတ္တုတူးဖော်နေမှုများအား ဒေသခံများက ကန့်ကွက်ဆန္ဒပြပြီးနောက် ဘုန်းတော်ကြီး၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်၊ တောရိုင်းတိရိစ္ဆာန်များနှင့် ဒေသခံလူထုအပေါ် သက်ရောက်မှုရှိသည့်အတွက် သတ္တုတူးဖော်မှုကို ရပ်တန့်ရန် ဆန္ဒပြသူများက တရုတ်ကုမ္ပဏီများကို တောင်းဆိုခဲ့ကြသည်။

မြေရှားသတ္တုတူးဖော်မှုကန့်ကွက်ရေးကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများက  KIO ထံမှ ရှင်းလင်းချက်တောင်းခံခဲ့သော်လည်း KIO က အဆိုပါကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ခြင်း မရှိသေးပေ။ ထို့ကြောင့် KIO သည် ပြည်သူများ၏ ဒုက္ခကို မသိကျိုးကျွံပြုကာ ငွေကြေးရလိုသောကြောင့် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီလားဟု ဒေသခံများအကြား သံသယများ တိုးလာသည်။

 စစ်အုပ်စုနှင့် KIO နှစ်ဖွဲ့စလုံး၏ ပံ့ပိုးကူညီမှုကို ရရှိနေသော တရုတ်ကုမ္ပဏီများ၏ အလားအလာသည် ခေါင်းပုံဖြတ်ခံရမှုနှင့်နိုင်ငံရေးဖိနှိပ်မှုများကို ရင်ဆိုင်တုံ့ပြန်နေသော ပြည်သူများအတွက် အိပ်မက်ဆိုးတစ်ခုပင်ဖြစ်သည်။ ထိုသို့ချိတ်ဆက်နေမှုသည် ဆန္ဒပြအလုပ်သမားများနှင့် တောင်သူများ၏ စိတ်ဓာတ်ကို အကဲစမ်းမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။ တရုတ်၏ ဩဇာလွှမ်းမိုးမှုသည် တခြားကဏ္ဍများသို့လည်း ချဲ့ထွင်လာဖွယ်ရှိပြီး ဒေသခံအလုပ်သမားများ၏ စားဝတ်နေရေးကို ထိခိုက်စေကာ ၎င်းတို့၏ စီးပွားရေးအနာဂတ်မှာလည်း တရုတ်မူဝါဒနှင့် စီမံကိန်းများအကြား ပိတ်မိလာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly