ကြံခင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကာကွယ်ရေးအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

By မင်းထက် (မဇ္စျိမ)
10 April 2023
ကြံခင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကာကွယ်ရေးအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သာယာ(၅)လမ်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဧပြီလ ၉ ရက်နေ့ ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံလယ်သမားများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသောငွေများ ပြန်လည်ပေး ဆပ်ရန် ဘဏ်ဝန်ထမ်းများကပြန်လည်တောင်းယူနေပြီး မဆပ်လျှင်ဖမ်းမည်ဟု ခြိမ်းခြောက်နေသည့် အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ တစ်ဦး က ပြောသည်။

“စရဖ(စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)ရုံး မျက်စောင်းထိုးမှာရှိတဲ့ စိုက်ဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး၊ စစ်ကောင်စီကခိုင်းတဲ့အတိုင်း ပြည်သူတွေကိုဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် ဒီထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်သွားမှာပါ"ဟု ၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ညပိုင်းက ရွာသစ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးခြင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း အရပ်ဝတ်များဖြင့်  သတင်းထောက်လှမ်းခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြံခင်းမြို့နယ်ပြည်သူ့ကာကွယ်ရတပ်ဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်အား ဧပြီလ ၈ ရက် ည ၇ နာရီအချိန်ခန့်က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပတ်သက်သောနေရာများသို့ အသွားအလာ ဆင်ခြင်ပေးကြ ပါရန်နှင့် စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်ပွဲတွင် မပါဝင်မပူးပေါင်းရန်လည်း ထပ်မံ၍သတိပေး ပန်ကြား အပ်ပါသည်ဟု ကြံခင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required