ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

By 007(မဇ္ဈိမ)
09 April 2023
ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊ လယ်ကြီးကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင်  ဧပြီလ ၇ ရက်နေ့က KIA ပါ၀င်သော မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

လယ်ကြီးကျေးရွာအနီး စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရဲဂိတ်စခန်းတို့ကို မဟာမိတ်တပ်ပေါင်းစုက ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“လယ်ကြီးကစကစ(စစ်ကောင်စီတပ်ဖွဲ့)ဂိတ်တွေကို PDF တွေက ၀င်တိုက်တာကနေ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ သေတာတွေဒဏ်ရာရတာတွေရှိတယ်။ များတယ်၊ အရပ်သားတစ်ယောက်လည်း ထိတယ်” ဟု ဒေသခံတစ်ဦးကအတည်ပြုပြောသည်။

မဟာမိတ်တပ်ပေါင်းစုဘက်က KIA နှင့်အတူ၊ KPDF(Kachin Region)၊ PDF(NUG) နှင့် ကျောင်းသားတပ်မတော် ABSDF(ရှမ်းမြောက်ဒေသ)တို့ပါ၀င်ပြီး စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

လယ်ကြီး‌ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းနှင့် ရဲဂိတ်တို့ကို ဧပြီလ ၇ရက် နံနက် ၇နာရီ ၄၀မိနစ် အချိန်တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ် ရာရရှိသွားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း မိုးကုတ်-မိုင်းလုံ ဆက်သွယ်ရေးလမ်းအတိုင်း လယ်ကြီးကျေးရွာဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းကို အောက်ညောင်ကုန်းကျေးရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း  မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၅ ရက်၊  ၆ ရက် နှင့် ၇ ရက်တို့တွင်လည်း နောင်ချိုမြို့နယ်အပိုင် သံဘိုကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မိုးမိတ်ခရိုင် KPDF တပ်ရင်းနှင့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ထံ မဇ္ဈိမအနေဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

လက်ရှိတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေရှိနေကြောင်းလည်း ဒေသတွင်းသတင်းများက ဆိုသည်။

“အခုအထိ သေနတ်သံတွေကြားနေရတုန်းပဲ။ အခဲမကြေတဲ့စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ဘက်က တပ်ဖြန့်ထားတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်။ သင်္ကြန်မှာမိုးကုတ်ကိုလာမယ်ဆိုသူတွေ မလာကြဖို့မှာချင်တယ်” ဟု ဒေသခံံတစ်ဦးက ပြောသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required