မြိတ်ခရိုင်တွင် ခရီးသွားပြည်သူများ ရေလမ်းခရီးကို အားကိုးလာ

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
09 April 2023
မြိတ်ခရိုင်တွင် ခရီးသွားပြည်သူများ ရေလမ်းခရီးကို အားကိုးလာ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း၌ ခရီးသွားပြည်သူများက ရေလမ်းကြောင်း အသုံးပြု၍ သွားလာနေရကြောင်း ဒေသခံတွင်း ခရီးသွား ပြည်သူများထံက သိရသည်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းတွင် ယခုလအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ကားလမ်းများကို အသုံးပြု၍ ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်သတိပေး ထုတ်ပြန်ပြီးနောက် ထိုကဲ့သို့ ရေလမ်းခရီးကို ပိုမိုအသုံးပြုလာကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်ရေး ပဋိပက္ခကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်း၌ ခရီးသွား ပြည်သူများကို နှစ်ဖက် လက်နက်ကိုင် အဖွဲ့စည်းများက မှားယွင်း ပစ်ခတ်ခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ကလည်း ဆိုင်ကယ်ဖြင့် သွားလာနေသူများကို ပစ်ခတ်မှုများ ရှိနေ၍ ယင်းကဲ့သို့ ခရီးသွား ပြည်သူများက ရေလမ်းခရီးကို အသုံးပြု သွားလာနေရသည်ဟု ဒေသခံများထံက သိရသည်။

“တိုက်ပွဲကြောင့် လမ်းတွေ ပိတ်ထားတဲ့ အချိန်မှာ တချို့ကလည်း ထုတ်ပြန်ချက်အတိုင်း မလိုက်နာဘဲသွားတော့ သေနတ်နဲ့ ပစ်ခံရတယ် ကြားနေတော့ မသွားရဲဘူးလေ။  ဒီတော့ တကယ်သွားဖို့ လိုအပ်နေတာကြောင့် ရေလမ်းနဲ့ပဲ သွားဖို့ ခရီးသွားတွေက တောင်းဆိုတော့ လှေပိုင်ရှင်တွေက ပြေးဆွဲပေးတာ ဖြစ်တယ်”ဟု ဘုတ်ပြင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းကို ခရီးသွားလာခွင့် ပိတ်ထားသည်မှာ တစ်ပတ်ကျော်နေပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲ ဖြစ်နေချိန်မှာ အခက်အခဲတော့ ဖြစ်နေတာပေါ့။ အဲ့ဒါတွေကတော့ ကုန်စည်စီးဆင်းမှု ပြတ်တောက်လာသလို ခရီးသွား ပြည်သူတွေလည်း ပိတ်မိနေတာမျိုး ရှိနေတယ်”ဟု ဘုတ်ပြင်းမြို့ ဒေသခံ နောက်တစ်ဦးက ပြောသည်။

လက်ရှိ ရေလမ်းခရီးကို စက်လှေများဖြင့် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ အမှတ် (၁) ဆိပ်ခံဘောတံတားတွင် ခရီးသည်ဦးရေအပေါ် မူတည်ပြီး ပြေးဆွဲပေးနေကြောင်း စက်လှေပိုင်များထံက သိရသည်။

“အခု ကားလမ်းတွေက ပြန်သွားလို့တော့ ရနေတယ်။ ပြောသံကြားနေပေမယ့် ဘာသူမှ မသွားရဲဖြစ်နေတယ်။ ကျွန်တော်တို့ စက်လှေတွေက အရင်က ကုန်တွေသာ တင်တာ ရှိပေမယ့် အခုက ပိတ်မိနေတဲ့ လူတွေကို သွားလာလို့ရအောင် ပြေးဆွဲပေးတာ ဖြစ်တယ်”ဟု စက်လှေ ပြေးဆွဲနေသူ တစ်ဦးက ရှင်းပြသည်။

မြိတ်-ဘုတ်ပြင်း ရေလမ်းဖြင့် ခရီးသည် ပို့ဆောင်ခြင်းကို  ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ပြေးဆွဲပေးနေကြောင်း သိရသည်။

စာတည်း။     ။  ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly