NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ အစိုးရသစ်နှင့် နိုင်ငံရေးဆက်ဆွေးနွေးရန် အစည်းအဝေးလုပ်မည်

NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ အစိုးရသစ်နှင့် နိုင်ငံရေးဆက်ဆွေးနွေးရန် အစည်းအဝေးလုပ်မည်
၂၀၁၅ စက်တင်ဘာလက နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ နှင့် အစိုးရတို့ NCA စာချုပ် လက်မှတ်ရေးထိုးစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ မတ် ၂၃ ။            ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရေး ပြင်ဆင်သော ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင်လည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ ဆွေးနွေးကြမည် ဖြစ်သည်။

“အဓိကတော့ လက်မှတ်ထိုးထားတဲ့ ထိပ်သီးခေါင်းဆောင်တွေက ဆောင်ရွက်မှုကို ပြန်လည်ပြီးတော့ သက်ဆိုင်ရာ အစုအဖွဲ့ကို တင်ပြမယ်။ ပြီးရင် ကျနော်တို့ ရှေ့ဆက်ပြီး   နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ကိစ္စတွေ   ဆွေးနွေးမှာပေါ့နော်။ တခြားက ကျနော်တို့ လုပ်ငန်းဆိုင်ရာလိုအပ်မှုတွေ၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာတွေ ဆွေးနွေးမယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များက အပစ်အခတ် စာချုပ် စောင့်ကြည့်ရေးပူးတွဲကော်မတီ(JMC)နှင့်   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲ ကော်မတီ(UPDJC)တို့အား ပြန်လည် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထိပ်သီးခေါင်းဆောင်းများ အစည်းအဝေးကို မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကာ အဖွဲ့အစည်း တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၃ ဦးနှင့် လေ့လာသူ ၂ ဦး စုစုပေါင် ၅ ဦးဆီ ပါဝင်သော ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

NCA အပေါ် လက်ရှိ အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှ ၁၀ ရက်အတွင်း ပထမအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သုံးရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags