အကြွေစောတဲ့ ကြယ်ဖြူလေးများဆီသို့ ကတိစကား

By ချမ်းငြိမ်း
08 April 2023
အကြွေစောတဲ့ ကြယ်ဖြူလေးများဆီသို့ ကတိစကား

သူငယ်ချင်းရေ
မင်းတို့ငါတို့တတွေက စစ်အာဏာသိမ်းမှုတွေနဲ့ ခဏခဏ ကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတယ်လေ

ငါတို့ရဲ့ရှေ့က ခေတ်အဆက်ဆက်မှာ ငါတို့ရဲ့ အကိုအမတွေ စစ်အာဏာသိမ်းမှုတွေနဲ့ အဆင့်ဆင့်ကြုံတွေ့ခဲ့ကြရပြီး တော်လှန် ပုန်ကန်ခဲ့ကြရင်း အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ စတေးပေးဆပ်ခဲ့ကြဖူးတယ်လေ

ဒါပေမဲ့သူတို့တတွေ အောင်ပန်းကို မဆင်မြန်းနိုင်ခဲ့ကြဘူးလေ…

သူငယ်ချင်းရေ.....

သူငယ်ချင်းရေ ဟုအစချီရင်း ရွတ်ဖတ်‌နေသည့်ကဗျာရွတ်သံက  အခမ်းအနားအတွင်း ပျံ့လွင့်နေသည်။ ချည်ထည်အကျီအဖြူနှင့် ဘောင်းဘီရှည်အနက်ရောင်ဝတ်ဆင်ထားသည့် ရဲဘော်တုတ်ကြီးက စင်မြင့်တနေရာမှနေ၍ ရွတ်ဖတ်နေခြင်းဖြစ်သည်။

ထိုကဗျာက ပြီးခဲ့သည့် တော်လှန်ရေးကာလ နှစ်နှစ်တာကာလအတွင်း ကျဆုံးသွားသော သူ၏ ရဲဘော် ရဲဘက်များအား ရည်ညွှန်း၍ ရဲဘော်တုတ်ကြီး သီကုံး‌ရေးစပ်ထားသော ကဗျာဖြစ်သည်။ 

ကဗျာရွတ်နေစဉ် ရဲဘော်တုတ်ကြီး၏ မျက်နှာအမူအယာသည် ညိုးရော်သွားလိုက်၊ တင်းမာသွားလိုက်ဖြစ်နေသည်။ ရုတ်တရက်ကျဆင်းလာသည့် မျက် ရည်စီးကြောင်းကလည်း ရေကာတာ တာရိုးကျိုးကျသည့်အလား ထိန်းချုပ်မရအောင် သူ့ပါးပြင်ပေါ် တရဟော စီးကျလာတာကို မြင်နေရသည်။ 

ရဲဘော်တုတ်ကြီးက  ကဗျာရွတ်နေချိန် စင်အောက်တွင် ရှိနေသူများကလည်း မျက်လုံစုံမှိတ်ထားသည်။ ခေါင်းငုံ့ထားကြသည်။သူတို့အားလုံး၏ စိတ်အလျဉ်က တနေရာရာသို့ စူးနစ်ရောက်နေကြပုံရသည်။  ထိုနေရာဝန်းကျင်တွင် ကဗျာရွတ်သံက ခပ်အုပ်အုပ်၊ ခပ်မှန်မှန် လွင့်ပျံ့နေသည်။ 

အထက်ပါမြင်ကွင်းက ဧပြီလ ၂ရက် နံနက်က  စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးစခန်းတနေရာမှမြင်ကွင်းဖြစ်သည်။ 

ရဲဘော်တုတ်ကြီးက ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော်။သူ့ရင်တွင်းဖြစ်များကို စိုးရွှေဇယ် - ကျောက်လုံးကြီးအမည်ဖြင့်လည်း  ဖွင့်အံရေးလေ့ရှိသူ။ ထိုနေ့ ဧပြီလ ၂ရက်သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရန်ဆုံးဖြတ်ခဲ့သည့် ကနီဒေသ၏ အညာသားတစုအတွက် သမိုင်းဝင်နေ့လည်းဖြစ်သည်။ 

ရဲဘော်တုတ်ကြီးတို့၏ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ကို ၂၀၂၁ခုနှစ် ဧပြီလ ၂ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာယခု ၂၀၂၃ ခုနှစ် ဧပြီ ၂ရက်တွင် တည်ထောင်ခြင်း  နှစ်နှစ်မြောက်ခဲ့ပြီ။ တပ်ဖွဲ့ကို ကျောက်လုံးကြီးဆရာတော်က ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၃၅ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။အာဏာရှင်၏ ယုတ်ကန်းသမျှကို နဖူးတွေ့ဒူးတွေ သိမြင်လာသော ဒေသခံအများအပြား လာရောက်ပူးပေါင်းကြသည်။  နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင်အင်အား ထောင်ချီရှိလာသည်။ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းသုံးရင်းလည်း ရှိနေပြီ။စစ်အာဏာရှင်တပ်အား ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် တိုက်ပွဲပေါင်းလည်းအလီလီ တိုက်ခဲ့ပြီးပြီ။  စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ် ၁၉ ဦးလည်း ကျဆုံးခဲ့ရသည်။

ယခုကျင်းပသည့် အခမ်းအနားက စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက်  အသက်ပေးသွားခဲ့သော သူရဲကောင်းများအား အောက့်မေ့လွမ်းဆွတ်ရင်း
ရှေ့အနာဂတ် တော်လှန်ရေးခရီးကြမ်းကို တက်ညီလက်ညီဆက်ကြရန် ထပ်တိုးသံနိဌာန်ချခြင်းလည်းဖြစ်သည်။

အခမ်းအနား ပြင်ဆင်ထားပုံက ပြည့်စုံခမ်းနားလှသည်မဟုတ်။ အခမ်းအနားပကာသနထက် PDF ရဲဘော်များ၏ တော်လှန်ရေးသံနိဌာန်နှင့် ယုံကြည်ချက်ကသာ ကြီးမားနေသည့် အငွေ့အသက်ကို ခံစားရစေသည်။

လက်နက်အင်အားအသာစီးရထား‌သည့် အရိုင်းအစိုင်းစစ်တပ်ကို တုတ်၊ဓား၊လေးခွ၊တူမီးဖြင့်စတင်ခုခံတော်လှန်ရင်း ကျဆုံး ကြွေလွင့်ခဲ့ရသည့် ရဲဘော်များအတွက် ကျန်ရစ်သူတို့၏ လွမ်းသူ့ပန်းစည်းများဖြင့် စီခြယ်ထားသည်။

ပန်းစည်းတစည်းချင်းစီတွင် သနပ်ခါးပန်း၊ ဂန္တမာပန်း၊ နှင်းဆီပန်းအဖြူ၊ နှင်းဆီပန်းအနီ စသည့် ပန်းအမျိုးအစားများဖြင့် ဖန်တီးထားသည်။

ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတင်တည်ထောင်သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂ရက်ကပင် ပထမဆုံးတိုက်ပွဲခေါ်သံညံခဲ့သော  တပြေအေးတိုက်ပွဲတွင် ရဲဘော်စိုးသူကျဆုံးခဲ့သည်။ ထို့နောက်ရဲဘော်အာကာမိုး၊ အာကာဖြိုး၊ ချစ်မင်းစိုး၊ ဌေးလွင်၊ ကျော်မင်းသိန်း၊ လင်းခန့်ကျော်၊ မောင်မောင်စိုး၊ မြင့်သူအောင်၊ မျိုးသန့်ဇင်၊ နိုင်လင်းထွန်း၊ နေမျိုးဦး၊ ပြည့်ဖြိုးကျော်၊ စန်းမင်းနိုင်၊ ဝေယံစိုး၊ သန်းကျော်စိုး၊ ဇော်ကြီး၊ ဇော်ဝင်းထွဋ်၊ သန်းကျော်ဌေး စသည့် ကျဆုံးရဲဘော်များ၏ အငွေ့အသက်များက ယနေ့ကျင်းပသည့် အခမ်းအနားကို လွမ်းမောဖွယ်ရာ လွမ်းခြုံနေသည်။

" သူငယ်ချင်းရေ

မင်းတို့ငါတို့တတွေ ဆိုးအတူ ကောင်းအတူ ရင်ဆိုင်မျှဝေကြရင်း တော်လှန်ရေး ရောင်နီဦးကို ဖမ်းဆုပ်နိုင်ခဲ့ကြပြီလေ… 

ဒါပေမဲ့ သူငယ်ချင်းရာ 

စစ်ပွဲဆိုတာ အကျိုးအမြတ်တွေရှိသလို ပေးဆပ်ရမှုတွေလည်း  ရှိတယ်ကွာ

အဲ့ပေးဆပ်မှုတွေထဲမှာ မင်းနာမည်လည်း ပါသွားခဲ့ပြီလေ... 

တော်လှန်ရေးမှာ အကြွေစောတဲ့ ကြယ်ဖြူလေး အဖြစ်နဲ့ပေါ့…

ရဲဘော်တုတ်ကြီး၏ ကဗျာရွတ်သံကလည်း ဆို့နင့်‌ကြေကွဲဖွယ်ရာ လွင့်ပျံ့လာပြန်သည်။

ထိုကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော် ခုနှစ်ပါးပင့်ဖိတ်ကာ ရေစက်ချအမျှဝေခြင်း၊ ဝတ္ထုငွေကပ်လှူခြင်းနှင့် ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ကြသည်။ အခမ်းအနားသို့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းများနှင့် ဒေသခံအများအပြားတက်ရောက် လာကြသည်။

စစ်အာဏာရှင်တော်လှန်ရေး၏ ပင်မအုတ်မြစ်ဖြစ်သော ဒေသခံများနှင့် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကလည်း အခမ်းအနားသို့ အရောက်လာကြပြီး သွားလေသူ သူရဲကောင်းများကို ဦးညွှတ်ကြသည်။

ဧည့်ခံကျွေးမွေးမှုကလည်း ရိုးစင်းလှသလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည့် ဒေသတခု၏ သရုပ်သကန်အတိုင်း အေးအေး
ဆေးဆေးရှိသည်။ကုမ္မာရီအမျိုးသမီးများနှင့် ကာလသားများက ဧည့်ခံကျွေးမွေးကြသည်။ ဒေသအစားအစာများဖြစ်သော  ကြက်သားငရုတ်သီးထိုး၊ ပဲကြော်နှင့်ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ဂေါ်ဖီထုတ်၊ မုန်လာဥဖြူ၊ ပန်းမုံလာ၊ အာလူးစသည်တို့ ပါဝင်သော သီးစုံချဉ်ရည်ဟင်းတို့ဖြင့် ချက်ပြုတ်ကျွေးမွေးကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ ရဲဘော်များသည် တပ်ဖွဲ့တဖွဲ့ချင်းစီ၏ သတ်မှတ်ထားသည့် ဝတ်စုံယူနီဖောင်းများအား စမတ်ကျကျ ဝတ်ဆင်ထားကြသည်။ 
ရဲဘော်အများစုက  ဆယ်ကျော်အသက်အရွယ်များဖြစ်သည်။ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေလည်းပါသည်။  သူတို့အားလုံးတွင် ယခုသူတို့ပါဝင်ဆင်နွှဲနေသော  စစ်အာဏာရှင်တော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဟူသော ယုံကြည်ချက်များ ပြည့်လွမ်းနေသည်ကို  အထင်းသားမြင်နေရသည်။

အတူတူတိုက်ပွဲဝင်ရင်း ကျဆုံး‌ကြွေလွင့်သွားခဲ့ကြသည့် သူငယ်ချင်း ရဲဘော်ရဲဘက်များကိုလည်း  သူတို့အားလုံး လွမ်းဆွတ်နေကြသည်။တိုက်ခိုက်ရေးရဲဘော်များပီပီ မျက်နှာဟန်ပန်များက တည်တံ့တင်းမာနေသော်လည်း သွားလေသူ သူငယ်ချင်း ရဲဘော်ရဲဘက်များအား သတိရစိတ်ကြောင့် တချက်တချက် ညိုးငယ်သွားကြသည်။

တော်လှန်ရေးခရီးကြမ်း နှစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကျဆုံးကြွေလွင့်သွားသော အာဇာနည်သူရဲကောင်းများအတွက် အာဇာနည်ကုန်းတည်ဆောက်ရန် ရည်ရွယ်ထားသည့်ဟု ကျောက်လုံးကြီးဆရာတော်( ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဦးဆောင်နာယကဆရာတော်) က မိန့်ကြားလာသည်။ထိုအာဇာနည်ကုန်းသည် သူတို့ဒေသ၏ အထင်ကရ သမိုင်းပုံရိပ်ဖြစ်လာလိမ့်မည်။

" ဒီလိုအာဇာနည်ကုန်းတည်ဆောက်ရတာက လေးစားထိုက်တဲ့သူ ဂုဏ်ပြုထိုက်တဲ့သူတွေကို လေးစားဂုဏ်ပြုခြင်းဖြစ်တယ်။  ဒီအာဇာနည်သူရဲကောင်းတွေဟာဆိုရင် ပြည်သူလူထုအတွက် တွက်ပွဲဝင်ရင်း ကျဆုံးသွားကြရတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း ပြစ်မထားကြပါနဲ့။ သူတို့အတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲရှိတယ်။ ဖြစ်အောင်လည်းလုပ်မယ် " ဟု ကျောက်လုံးကြီးဆရာတော်က မိန့်ကြားသည်။

အာဇာနည်ကုန်းတည်ဆောက်ရန် စိတ်ကူးပုံဖော်ထားသော ပုံစံကိုလည်း ဆရာတော်က တပါတည်း မိန့်ကြားသည်။ 

ကျယ်ဝန်းပြန့်ပြူးသော ကုန်းမြင့်မြေပြန့်တနေရာတွင် အာဇာနည်သူရဲကောင်းလေးများ၏ အုတ်ဂူလေးများတည်ဆောက်မည်။ ညာဘက်ထောင့်တွင် ကုန်းမြင့်ပေါ်သို့ တက်ရောက်မည့် အတက်လမ်းနှင့် တဘက်တွင် အထွက်လမ်းဟူ၍ လမ်းနှစ်လမ်းဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။

တူမီး၊ လေးခွတို့ဖြင့်စတင်ခဲ့သော
စစ်အာဏာရှင်ကို တော်လှန်ရရေး ခရီးကြမ်းတွင် လမ်းခုလတ်၌ ကျန်ရစ်ကြွေလွင့်ခဲ့ရသော သူရဲကောင်းလေးများ၏ ဇာတိမာန်များ လွမ်းခြုံထားသော အာဇာနည်ကုန်းသည် မကြာမီတွင် ချင်းတွင်းမြစ်ဝှမ်းဒေသ ကနီမြို့နယ်တနေရာ၌ ပေါ်ပေါက်လာတော့မည်။

ဧပြီလ ၂ရက်နေ့က ကနီမြို့တွင် နွေရာသီ၏ ပုံမှန်အခြေအနေအတိုင်း မိုးသားတိမ်ရိပ်ကင်းစင်ပြီး အပူငွေ့ကဲနေခဲ့သည်။ သစ်ရိပ်သစ်တောကို ဖြတ်တိုက်လာတတ်သော   လေအေးကြောင့်သာ အပူဒဏ်မှ အနည်းငယ် သက်သာရာရစေသည်။ သို့သော် တော်လှန်ရေးခရီးကြမ်း နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဒေသခံအရပ်သားများ၏ ရင်ထဲတွင်တော့ စစ်အာဏာရှင်အမြစ်ပြတ်အောင် အမြန်ဆုံးမောင်းထုတ်နိုင်ရေး ဇောကသာ ကြီးစိုးနေသည်။ စစ်အာဏာရှင်ပြုတ်ကျပြီး ပြည်သူများအကြောက်တရားကင်းမဲ့သည့် နိုင်ငံရေးစနစ်သို့ ရောက်အောင် သူတို့အားလုံးရှေ့ဆက် တိုက်ပွဲဝင်ကြမည်ဟု သံနိဌာန်ချလိုက်ကြသည်။

ရဲဘော်တုတ်ကြီး၏ ကဗျာရွတ်သံက အခမ်းအနားကျင်းပရာ ဝန်းကျင်တဝိုက် လွင့်ပျံ့လာပြန်သည်။ 

သူငယ်ချင်းရေ

မင်းရဲ့အနစ်နာခံပေးဆပ်မှုတွေ အလဟဿ မဖြစ်စေရပါဘူးကွာ… မင်းရည်ရွယ်ခဲ့တဲ့ ပန်းတိုင်ကို တနေ့မှာ သေချာပေါက် လှမ်းကိုင်နိုင်ဖို့အတွက် ငါတို့တတွေ အရိုးကြေကြေ အရေခမ်းခမ်း မဆုတ်မနစ်တမ်း ကြိုးပမ်းသွားမှာပါကွာ… ပြည်သူအပေါင်း အကြောက်တရား ကုန်ဆုံးသည်အထိ မဖောက်မပြား ကြိုးစားသွားပါ့မယ်ကွာ…  မင်းသယ်ခဲ့တဲ့ဝန်တွေရော ငါပိုးလို့ အဆတိုးပြီး ကြိုးစားနေပါတယ်။

သေချာပါတယ်သူငယ်ချင်း 

မင်းလိုချင်တဲ့ ပန်းတိုင်ကို ငါတို့ တနေ့လှမ်းကိုင်နိုင်မှာပါ… မဝေးကွာလှတော့တဲ့ နေ့တနေ့မှာပေါ့…. " 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required