ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် (ဆောင်းပါး)

By (ဓားရိုင်း) 
07 April 2023
ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် (ဆောင်းပါး)

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကို တစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာ စစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။ 

 ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ အလွတ်သဘော အပစ်အခတ်ရပ်ပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ် တွေကို ခပ်စိပ်စိပ်တွေ့လာရတာဖြစ်ပါတယ်။ ဒီခရီးစဉ်တွေမှာ စစ်ခေါင်းဆောင်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းတွေဘယ်လိုချမှတ်ပြီး ဆောင်ရွက် နေတဲ့အကြောင်း ရွှန်းရွှန်းဝေအောင်ပြောထား ပါတယ်။  

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်အနေနဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့အပစ် အခတ် ရပ်ထားတာကိုအခွင့်ကောင်းယူပြီး ရခိုင်ဒေသမှာ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ကြိုးစားနေတာ ဖြစ် တယ်လို့ဆိုထားကြပါတယ်။ 

 လက်ရှိမှာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းအကျိုးဆက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာဖွင့် ရင်ဆိုင်နေရပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်တိုက်ခိုက်မှုတွေမှာ ဆုံးရှုံးမှု တွေများနေတာဖြစ်ပါတယ်။ 

 တစ်နိုင်ငံလုံးမှာ နယ်မြေတည်ငြိမ်အေးချမ်းတဲ့ဒေသဆိုလို့ ခပ်ရှားရှားဖြစ်နေတာပါ။ အဲဒါကြောင့် ရက္ခိုင့် တပ်တော် (AA)နဲ့အပစ်ရပ်ပြီးနောက် လတ်တလော နယ်မြေတည်ငြိမ်မှုရှိနေတဲ့ ရခိုင်ဒေသကို စစ်ကောင်စီက ထိန်းချုပ်ထားချင်ပုံရပါတယ်။ အထူးသဖြင့် နိုင်ငံတကာအမြင်မှာ သူတို့နဲ့အပစ်ရပ်ထားတဲ့ ရခိုင်ဒေသမှာ တည်ငြိမ် အေးချမ်းနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းတွေတောင်လုပ်နေပြီဆိုတာမျိုး ပြသချင်ပုံ လည်းရပါတယ်။  

ဒါ့အပြင်တစ်ဖက်မှာလည်း တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ နဲ့သဘောတူညီမှုတွေယူပြီး အပစ်ရပ်မယ်ဆိုရင် ရခိုင်ပြည်နယ်လို အခြေအနေမျိုးရမယ်ဆိုတာကိုပြသချင်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ကျေးရွာတွေကို မီးရှို့ ခဲ့သလို ဒေသခံလူထု အမြောက်မြားကိုဖမ်းဆီးသတ်ဖြတ်တာ၊ ပုဒ်မအမျိုးမျိုးနဲ့ဖမ်းဆီးထောင်ချခဲ့တဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေရှိခဲ့တဲ့ အတွက် စစ်ကောင်စီအပေါ် အကောင်းမြင်လာဖို့အတွက် လုပ်ဆောင်နေမှုတွေက အရာထင်ဖို့ တော့မလွယ် ပါဘူး။ 

 လက်ရှိ ရခိုင်ပြည်နယ်အတွင်းအနေအထားရတွေကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ စင်ပြိုင်အနေအထားလို ဖြစ်နေတာပါ။ အာဏာသိမ်းမှုမတိုင်ခင် မြန်မာစစ်တပ်နဲ့တိုက်ပွဲတွေအတွင်း စစ်ရေးအသာရခဲ့တဲ့ AA ဟာ ကျေး လက်ဒေသ နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေကို ဆောင်ရွက် လာတာတွေ့  ရပါတယ်။  

တစ်နိုင်ငံလုံးမှာ ခုခံတော်လှန်မှုနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာ ရခိုင်ဒေသခံတွေကို AA နဲ့ မပူးပေါင်းဖို့ ဖိအားပေးခြိမ်းခြောက်နေချိန်မှာပဲ AA ရဲ့ သြဇာအာဏာဟာ တစ်နေ့ထက်တစ်နေ့ပိုမိုပြီး ကြီးမား လာနေတာ ဖြစ်ပါတယ်။  

ရက္ခိုင့်တပ်တော် (AA)ရဲ့ ဌာနဆိုင်ရာတွေအနေနဲ့ မြို့ပေါ်မှာ ဆိုင်းဘုတ်မထောင်ထား ပေမယ့် လူထုအသိ အမှတ် ပြုမှုကိုရနေပြီး တရားစီရင်ရေးတွေမှာ လူထုယုံကြည်မှုကိုရနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ရက္ခိုင့် တပ်တော်(AA)အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့ကိုထိန်းချုပ်ထားနိုင်ပြီး တောင်ပိုင်းမှာ လည်း မြို့နယ်တချို့ကို ထိန်းချုပ်လာနိုင်တာတွေ့နေရပါတယ်။ အခုလို ရခိုင်ဒေသမှာ ရက္ခိုင့် တပ်တော်(AA)ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကျယ်ပြန့်လာချိန်မှာပဲ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကတော့ တဖြည်းဖြည်းကျဉ်း မြောင်းလာနေတာဖြစ်ပါတယ်။  

စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလထက်တောင် အသက်ဝင်မှုနည်းပါးသွားတာ တွေ့ရပါတယ်။ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား အစရှိတဲ့မြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်သွားပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပိုပြီးဖရိုဖရဲဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။  

ရက္ခိုင့်တပ်တော်(AA)အနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီထက်ခြေတစ်လှမ်းသာ လာခဲ့ပေမယ့် အားနည်းချက်တချို့တော့ ရှိနေသေးတာတွေ့ရပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်း တွေကို နယ်မြေ၊ ရပ်ကျေး၊ တိုက်နယ်၊ ဒေသ၊ ဗဟို ဆိုပြီး အဆင့်အဆင့် သတ်မှတ်ဆောင်ရွက်တဲ့နေရာမှာ ခေတ် ပညာတတ် လူ့စွမ်းအားအရင်းအမြစ်တွေ အားနည်းနေတာပဲဖြစ်ပါတယ်။  

တချို့နေရာတွေမှာ တရားစီရင်ရေးပိုင်း နဲ့ပတ်သက်လို့ တကယ့်တရားသူကြီးမျိုးမဟုတ်ဘဲ သင်တန်းတက်ထား တဲ့ တရားသူကြီးတွေ၊  ရှေ့နေတွေကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လည်း တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်း စဉ်တွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့ ရေးရာဝန်ဆောင်မှုတွေမှာ တာဝန်ထမ်းဆောင်နေသူ တွေဟာ ကျွမ်းကျင်ပြီးသား ပညာရှင်တွေမဟုတ်လို့အားနည်း ချက်တွေရှိနေတယ်ဆိုတာကို ဝန်ခံထားခဲ့ဖူး ပါတယ်။ 

 ဒီအခြေအနေမှာ စစ်ကောင်စီဘက်က စီးပွားရေးလုပ်ငန်း တွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ မက်လုံးပေးပြီး ရခိုင်လူထုရဲ့ယုံကြည်မှုကို ပြန်လည်ရယူဖို့ ကြိုးစားလာနေတာ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်း သွားရောက်ခဲ့တဲ့ ရခိုင်ခရီးစဉ်မှာဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို စီးပွားဖွံ့ဖြိုးအောင် ချေးငွေတွေ ထုတ်ချေးပေးမယ့်အပြင် နယ်စပ်ကုန်သွယ်မှု တွေကိုလည်း အဆင်မြှင့်တင်ပေးသွားမယ်လို့ ဆိုထားခဲ့တာပါ။ 

 ဒါ့အပြင် မတ်လ ၃၀ ရက်က စစ်တွေမြို့ကို ဒုတိယအကြိမ်သွားရောက်ခဲ့စဉ်ကလည်း အာဏသိမ်း စစ်ခေါင်း ဆောင်ဟာ လုပ်ငန်းရှင်တွေ၊ ဌာန ဆိုင်ရာဝန်ထမ်းတွေနဲ့ လိုက်လံတွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင် ပေးနေတဲ့ ကိစ္စရပ်တွေကို ထပ်မံပြောကြား ခဲ့တာတွေ့ရပါတယ်။ 

 အဲဒါတွေအပြင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးပိုင်းဆိုင်ရာတွေနဲ့ ဒေသတည်ငြိမ်အေးချမ်း ရေးဆိုင်ရာတွေကို ဌာနဆိုင်ရာတွေအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ပြောသွားခဲ့တာ ပါ။ နိုင်ငံ့ဝန်ထမ်း တွေ အနေနဲ့ နိုင်ငံတော်အပေါ်သစ္စာရှိရမယ့်အကြောင်းနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရမယ့်အကြောင်း လည်းပြောခဲ့ ပြီး စည်းရုံးရေးဆင်းသွားခဲ့တာကို တွေ့ရပါတယ်။  

ဒီလိုစည်းရုံးရေးဆင်းပြီးမကြာခင်မှာပဲအာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို အရှိန်အအဟုန်မြှင့်ပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လို့ဆိုကာ တရုတ်၊ ဟောင် ကောင်ကုမ္ပဏီတွေနဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကို စာချုပ်ချုပ်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။ 

 မတ်လ ၁ ရက်က နေပြည်တော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တို့မှာ လေအားလျှပ်စစ် ထုတ်လုပ် မယ့် စီမံကိန်း ၃ ခု တည်ဆောက်ဖို့အတွက်ဆိုပြီး တရုတ်၊ ဟောင်ကောင်ကုမ္ပဏီတွေနဲ့ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမ်းမြို့နယ်အတွင်းတည်ဆောက်မယ့် လေအားလျှပ်စစ်စီမံကိန်းမှာ ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်အတွင်း တည်ဆောက်မယ့် လေအား လျှပ်စစ်စီမံကိန်းမှာ ၁၀၀ မဂ္ဂါဝပ်၊ သံတွဲမြို့နယ်အတွင်း တည်ဆောက်မယ့် လေအားလျှပ်စစ်စီမံကိန်းမှာ ၁၁၀ မဂ္ဂါဝပ် အသီးသီးတည်ဆောက်သွားမယ်လို့ဆိုထားပါတယ်။ 

 စစ်ကောင်စီဟာ ရခိုင်လူထုကို ဒေသဖွံ့ဖြိုးရေးလုပ် ငန်းတွေနဲ့ စည်းရုံးနေသလို တစ်ဖက်မှာလည်း ခြိမ်းခြောက်မှု တွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၃၀ လောက်ကို စစ်တွေမြို့ ပြည်နယ်အစိုးရရုံးကိုခေါ်ယူပြီး NUG နဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေ၊ မတရားအသင်း အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုမလုပ်ဖို့နဲ့ မတရား အသင်း တွေနဲ့ မဆက်သွယ်ဖို့အတွက် စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သတိပေးပြောဆိုခဲ့ တယ်လို့ သိရပါတယ်။ 

 ဒါ့အပြင် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ မှတ်ပုံတင် သက်တမ်းတိုးတာတွေလုပ်ဖို့လည်း ပြောခဲ့တယ်လို့ဆိုပါ တယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်လောက်ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ အသင်းအဖွဲ့ မှတ်ပုံ တင်ခြင်း ဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်မှာ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်တစ်ခုကို ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။  

အဲဒီ ဥပဒေသစ်မှာ မှတ်ပုံတင်ထားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ပုဒ်မ (၃၈)အရ “နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် ယင်းမတရား အသင်း၏ အဖွဲ့ဝင်များ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း မပြုရ” လို့ဖော်ပြထားတာဖြစ်ပါတယ်။  

ဒါကိုကြည့်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရခိုင်လူထုကို သူတို့ဘက် ပြန်ပါ လာအောင် လူမှုဘဝစီးပွားရေး မက်လုံး တွေအပြင် ဥပဒေနဲ့ပါ ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတာသေချာပါတယ်။ ရခိုင်မှာ နိုင်ငံရေးအမြတ် ထုတ်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား အုပ်ချုပ်ရေး ယန္တရားအားကောင်းဖို့ အပြိုင်ကြိုးပမ်းမှုတွေကတစ်ဆင့် စစ်ရေးထိပ်တိုက်တွေ့မှုတွေ ရှိလာဦးမလားဆိုတာ ကတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly