ကလေးမြို့မြောက်ပိုင်း ၇ ရက်အကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
07 April 2023
ကလေးမြို့မြောက်ပိုင်း ၇ ရက်အကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်းတွင် တစ်ပတ်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၅ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ကာကွယ်ရေးတပ်မတော် (အထက်ချင်းတွင်း ဒေသ) (CNO/CNDF – UCR) က ဧပြီလ ၆ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၃၀ရက်နေ့မှစတင်၍ ဧပြီလ ၅ရက်နေ့အထိ ခုနစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများအပြင် ပြည်သူနှစ်ဦး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။

မတ်လ ၃၀ရက်နေ့ မနက်ပိုင်း၌ ချမ်းသာကြီးရွာနှင့် လက်ပံချောင်းရွာကြားတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယင်း‌နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများသည် နန်းစောင်းပုရွာဘက်သို့ ဆက်လက်ချီတက်ကာ ညအိပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၃၁ရက် နံနက် ၈ နာရီခန့်မှ စတင်ပြီး ပျဉ်းတောဦးရွာ အရှေ့ဘက်သင်္ချိုင်းကုန်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံး၍ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသာစီးရရှိခဲ့ပြီး ယင်းနေ့ ညနေ ၃နာရီနှင့် ၄နာရီအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ နန်းစောင်းပုရွာသို့ တပ်ပြန်ဆုတ်သောကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“စစ်ကောင်စီတပ်သားတွေ သေတာကို ဖရဲသီးဘက်က ရတဲ့သတင်း ၊ မျက်မြင် အလောင်းတွေတွေ့တာနဲ့ မီးရှို့ထားတဲ့အရိုးပြာတွေ တွက်ပြီး အတည်ပြုခဲ့တာပါ” ဟု CNO/CNDF (UCR) ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ဧပြီလ ၂ရက် နံနက် ၈နာရီတွင် နန်းစောင်းပုရွာမှ နတ်တံခါးချောင်းအတိုင်း အနောက်ဘက်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နံနက် ၉ နာရီတွင် ၄၅မိနစ်ကြာ MI35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃ ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်အချိန်မှစ၍  ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် ဂျက်လေယာဉ်တစ်စီး ၊ ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်၍  ရဟတ်ယာဉ်ဖြင့် စစ်ကူများလည်းချပေးခဲ့ရာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပျဉ်းတောဦးမှ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒုဗိုလ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်သားများသည် ပျဉ်းတောဦးနှင့် ညောင်ကုန်းရွာအတွင်းသို့ဝင်၍ ဘန်ကာများ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ရက်နေ့ ညတွင် ပျဉ်းတောဦးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရသည့် ဦးရေကို အတိအကျမသိရကြောင်း ဆိုသည်။

ဧပြီလ ၅ရက် မနက်ပိုင်းတွင် ချင်းစုရွာထိပ်နှင့် အခြားနေရာများမှ ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းထားသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှတသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပစ်ခတ်သည့် ၄၀မမ ပေါက်ကွဲမှုကြောင့် ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ချင်းစုရွာမှ တပ်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သော CNDF , CDF – Tonzang , HNB , CR , PDA , PDF – Zoland , Cangelzawl - ပကဖ , RKDF , CDF – KKG , ပျဉ်းတောဦး (ပကဖ)နှင့် CDF – CDM Siyin တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၆ရက်မနက်ပိုင်းတွင်  ချင်းစုနှင့် ပျဉ်းတောဦးမှ တပ်ပြန်ဆုတ်သဖြင့် CNDF တပ်ဖွဲ့မှ ချင်းစုနှင့် ပျဉ်းတောဦး ကျေးရွာသို့ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ရာ ပျဉ်းတောဦးနှင့် နန်းစောင်းပု လမ်းကြားတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပျဉ်းတောဦးရွာမှ လူနေအိမ်လေးလုံး ၊ စပါးကျီ တစ်လုံး မီးရှို့ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှစ်ကျောင်းနှင့် ရိပ်သာ တစ်ခု ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ချင်းစုရွာထိပ်တွင် စစ်ကောင်စီတပ်သား နှစ်ဦး၏ ရုပ်အလောင်းများကို မီးရှို့ထားခဲ့ပြီး ၎င်းတို့သည် ချင်းစု ၊ ပျဉ်းတောဦး ၊ညောင်ကုန်း ကျေးရွာရှိ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများ ခိုးယူကာ ၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း ဆိုသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များသည် လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်သော စာများကို အိမ်နံရံများတွင်လည်း ရေးသားခဲ့ကြသည်။

အဆိုပါတိုက်ပွဲများဖြစ်ပွားသဖြင့် ကလေးမြို့ မြောက်ပိုင်းရှိ ကျေးရွာ ၁၇ ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီးနှင့် ရာဇဂြိုလ်ကျေးရွာများမှပြည်သူ ငါးသောင်းကျော်သည် မြို့တွင်းနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး  ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လတ်တလောစစ်ရေးအခြေအနေမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့် ကလေးမြို့မြောက်ပိုင်းသို့ သတိထားသွားလာကြရန်နှင့် နယ်မြေလုံခြုံရေး စိတ်ချရသည့်အချိန်ကို ပြန်လည်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း CNDF က သတိပေးထားသည်။

၎င်းတို့ CNO/CNDF (UCR) ထံသို့ တိုက်ပွဲအတွင်း လိုအပ်သော ရန်ပုံငွေများကို စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းကြသည့် ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required