ကရင်နီစစ်ရှောင်များအား စားနပ်ရိက္ခာလှူဒါန်း

By ဂျူချန်း (မဇ္ဈိမ)
07 April 2023
ကရင်နီစစ်ရှောင်များအား စားနပ်ရိက္ခာလှူဒါန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ဒေသ တစ်ခုသို့ ဧပြီလ ၅ ရက်နေ့တွင် ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်မှ ပြောသည်။

 အဆိုပါ နေရာတွင် ဒီးမော့ဆို အရှေ့ခြမ်းနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ်နေရာအနှံ့အပြားမှ စစ်ဘေးဒုက္ခသည်များ လာရောက်ပြောင်းရွှေ့ ခိုလှုံနေကြသည့် အိမ်ထောင်စု ၈၅ စု ခန့်ရှိရာ လူဦးရေအားဖြင့် ၄၀၀ ကျော် ၅၀၀ နီးပါးရှိကြောင်း ဆိုသည်။

 လမ်းခရီးအခက်အခဲနှင့် လူသူအရောက်နည်းသဖြင့် အဆိုပါ စစ်ရှောင်များမှာ အလှူတစ်ခါမှ မရရှိကြကြောင်း သိရသည်။

“စစ်ရှောင်လာတာတော့ ကြာပြီ။ ဒါပေမယ့် လူသူအရောက်အပေါက်နည်းတဲ့ လမ်းခရီးသိပ်မပေါက်တဲ့နေရာတွေမှာ နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီလိုအလှူနည်းတဲ့ နေရာလေးမှာ ကျနော်တို့ အဖွဲ့က သွားရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်ဗျ။ ပရဟိတအဖွဲ့ပေါင်းစုံက နေရာအနှံ့မှာ လှူနေကြပါတယ်။ တချို့နေရာတွေ လက်လှမ်းမမှီဘူးဆိုတာကတော့ တချို့နေရာက ကားဝင်လို့ မရတဲ့နေရာရှိတယ်။ အဲ့လိုနေရာတွေကျတော့ စစ်ရှောင်စခန်းတွေနဲ့ ဝေးတဲ့ နေရာတွေမှာ ဟိုတစ်တဲ ဒီတစ်တဲ နေတဲ့ နေရာတွေလည်း ရှိတယ်ပေါ့နော်၊ အဲလိုလူတွေကို ပြန်စုပြီး လှူတာဖြစ်ပါတယ်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။

ကရင်နီပြည်နယ်တွင် ရေရှားပါးမှုနှင့်လည်း ကြုံတွေ့နေရကာ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာများအပြင် သောက်သုံးရေရရှိရန်အတွက်လည်း ခက်ခဲနေကြောင်း သိရသည်။

ဧပြီလ ၄ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်  ဒီးမော့ဆိုအနောက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံးနှင့် ကား၊ ဆိုင်ကယ်များ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ကြောင်း ဦးဇော်မင်းထိုက်ထံမှ သိရသည်။

ဒီးမော့ဆို အရှေ့ခြမ်းနှင့် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်မှ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ ထိတွေ့တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ စစ်ဘေးရှောင်စခန်းများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများလည်း ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိတွေ့တိုက်ပွဲတိုင်းမှာ လေကြောင်းအသုံးပြုမှုရှိတယ်။ လေယာဉ်နဲ့ပစ်တယ်။ ရဟတ်ယာဉ်နဲ့ ပတ်ပစ်တယ်။ တိုက်ပွဲမှာ ပစ်ခတ်တာက အရပ်သားထိခိုက်မှု မရှိသလောက်နည်းတယ်။ သို့သော်လည်းပဲ တိုက်ပွဲမဖြစ်ဘဲနဲ့ စစ်ရှောင်တွေရှိတဲ့နေရာတွေကို တိုက်ပွဲတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဘာမှမဆိုင်တဲ့ နယ်မြေတွေကို လိုက်ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အဲ့လို့တိုက်ခိုက်တာမှာ အရပ်သားတွေ ထိခိုက်မှု ရှိသွားတယ်။ လေကြောင်းကတော့ မတ်လ အစပိုင်းကနေစပြီး နေ့စဉ်လိုလိုကို သုံးတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်ကာ ယနေ့အထိ ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ဘေးရှောင်များလည်း တိုးများလျက်​ရှိသည်။ ဒီးမော့ ဆိုမြို့နယ် တစ်ခုတည်းတွင် စစ်ရှောင် အရေအတွက် ၂၀,၀၀၀ ဝန်းကျင်ရှိပြီး ကရင်နီပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် စစ်ဘေးဒုက္ခသည် ၂၀၀,၀၀၀ နီးပါးရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စာရင်းများမှ ဖော်ပြချက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required