စစ်ကောင်စီက ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဘတ်ဂျက်အများဆုံးသုံးမည်၊ လျှပ်စစ်က ကျပ်ဘီလီယံ ၆၈၀ ကျော်သာရ

By 001(မဇ္စျိမ)
06 April 2023
စစ်ကောင်စီက ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဘတ်ဂျက်အများဆုံးသုံးမည်၊ လျှပ်စစ်က ကျပ်ဘီလီယံ ၆၈၀ ကျော်သာရ

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာန အတွက် ဘတ်ဂျက်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံး သုံးစွဲ သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီလ ၅ ရက် နေ့တွင် ထုတ်ပြန်သည့် လက်ရှိဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဉပဒေအရ သိရသည်။

စစ်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ယခု ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွက်သုံးစွဲမည့် ဘတ်ဂျက် ပမာဏသည် ယခင်နှစ်(၂၀၂၂-၂၀၂၃) ကာလတူ ဘတ်ဂျက်စာရင်းထက် ကျပ်ဘီလီယံ ၁၉၀၀ ကျော် (ထပ်တိုးဘတ်ဂျက်မပါ) ပိုမိုများပြားသည်။

“ပြည်သူ့ဘတ်ဂျက်နဲ့ ပြည်သူ့ကို ပြန်သတ်နေတဲ့ သဘောပါပဲ။ အကြမ်းဖက်စစ်အုပ်က သူတို့မှာ အားသာ တာက ပြည်သူ့ဘဏ္ဍာတွေကို ထင်တိုင်းသုံးစွဲခွင့်ရနေတဲ့ကိစ္စပေါ့နော်။ အဲ့ဒီတော့ သူအားသာတဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကိုပဲ ဒီလိုမျိုးထပ်တိုးပြီးတော့ ပြည်သူလူထုအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစု တွေ ဒါတွေအကုန်လုံးကို ထိုးစစ်တွေဆင်လာမယ့်အနေအထားလို့ သုံးသပ်ပါတယ်။ ဒီနေရာမှာ တိုင်းရင်း သားတော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ဒီကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်ပေါ့။ အဲ့ဒီအတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စတွေမှာဆိုရင်လည်း စစ်ကောင်စီကတော်တော်လေးကို အထိနာနေတဲ့ သဘောတွေရှိပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

ယခင် ဘဏ္ဍာနှစ်တွင် စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၃၇၀၀ ကျော် ရေး ဆွဲခဲ့ခြင်းဖြစ်သည်။ အာဏာမသိမ်းခင် NLD အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ကာကွယ် ရေးဝန်ကြီးဌာနအနေဖြင့် ကျပ်ဘီလီယံ ၃၄၀၀ ကျော်သာ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွက် စစ်ကောင်စီဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ သုံးငွေစုစုပေါင်းမှာ ကျပ်ဘီလီယံ ၁၉,၉၀၀ ကျော်ရှိမည်ဖြစ်ပြီး ထိုအထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက် အများဆုံးရယူထားပြီး နှစ်စဉ်ဘတ်ဂျက်အများဆုံးရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၄,၃၀၀ ကျော် ဖြင့် ဒုတိယအများဆုံးသာရရှိတော့မည်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ အခမ်းအနား တွင် NUG ၊ PDF များကို အကူအညီပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပြတ်တိုက် ခိုက်မည်ဟုကြွေးကြော်ထားသည့်အတွက် ယခုနှစ်တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“အဲဒီလိုအခြေအနေရှိတဲ့အောက်မှာ သူ့အနေနဲ့ကတော့ သဘာဝကျစွာပဲ စစ်အသုံးစရိတ်တွေကို မြှင့်တင် သုံးစွဲဖို့ ဒီလိုဆုံးဖြတ်တာဟာ သိပ်ပြီးတော့မထူးဆန်းပါဘူး။ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ပြီးသားဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

စစ်ကောင်စီက နိုင်ငံ့ဘဏ္ဍာအရင်းအမြစ်များကို မတရားရယူပြီး တော်လှန်ရေးကို အရှိန်အဟုန်သတ်နိုင် အောင် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ခန့်မှန်းပြီးသားဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

“သူတို့ ဘယ်လိုပဲ တိုင်းပြည်ဘဏ္ဍာတွေကို မတရားတဲ့နည်းနဲ့ရယူပြီး အရှိန်အဟုန်မြှင့်မြှင့် ကျွန်တော်တို့ တော်လှန်ရေးကပဲ အနိုင်ရရှိအောင် ကြိုးစားပြီးပြင်ဆင်ထားပြီးဖြစ်လို့ ယုံကြည်မှုလည်း အပြည့်ရှိပါတယ် ခင်ဗျ”ဟု ဦးနိုင်ထူးအောင်က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ကြား ကာလခြောက်လတွင် ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁,၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလီယံ ၃,၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ထပ်တိုးဘတ်ဂျတ်အတွက် ကျပ်ဘီလီယံ ၄၄၀ ကျော်နှင့် ယခုနှစ်တွင် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲမည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပညာရေး၊ ကျန်းမာရေးဘတ်ဂျက်များကို NLD အစိုးရလက်ထက် ကထက်ပိုမိုလျှော့ချသုံးစွဲခဲ့ပြီး ယခုနှစ်တွင် ပညာရေးအတွက် ကျပ်ဘီလီယံ ၂,၁၀၀ ကျော်နှင့် ကျန်းမာရေး အတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်ကိုသာ သုံးစွဲတော့မည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှာ ကျပ် ၃၂ ဘီလီယံသာလျှင် ရရှိမည်ဖြစ်သည်။

NLD အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်စာရင်းတွင် ပညာရေး ဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂,၈၀၀ ကျော်ရရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁,၄၀၀ ကျော်သုံးစွဲခွင့်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်နေသော်လည်း ယခုနှစ်တွင် စစ်ကောင်စီက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၆၈၀ ကျော်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ကျပ် ၁၃ ဘီလီယံ ကျော်သာ ဘတ်ဂျတ်ချထားပေးသည်။ ပင်စင်လစာငွေ၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် များချီးမြှင့်ရန်အတွက် ငွေကိုမူ ကျပ်ဘီလီယံ ၈၅၀ သုံးစွဲခွင့်ပြုထားသည်။

အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာနဆိုင်ရာများ ၌ ဇိမ်ခံပစ္စည်းများ ဝယ်ယူမှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် စက်သုံးဆီကိုလည်း အုပ်ချုပ်မှုသုံးအတွက် ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ စိစိစစ်စစ်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ဒုဉက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောဆို ခဲ့ဖူးသည်။

“ပညာရေး၊ ကျန်းမာရေး အခြေအနေတွေ အတော်ကိုကျဆင်းသွားမယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ ပြည်သူတွေလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးမှုကလည်း လျော့ကျသွားမယ့်အလား အလာရှိတယ်ဆို တာကို ဒီဘတ်ဂျက်က ဖော်ပြနေပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

ယခုနှစ်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ စစ်ကောင်စီရုံး၊ ဗဟိုဘဏ်၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအပါအဝင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအားလုံး၏ သုံးငွေ စုစုပေါင်းမှာ ကျပ်ဘီလီယံ ၃၃,၀၀၀ ကျော်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏စာရင်းအရ သိရသည်။ အဆို ပါအဖွဲ့အစည်းများမှ ယခုဘဏ္ဍာနှစ်အတွက် ရငွေကို ကျပ်ဘီလီယံ ၂၅,၀၀၀ ကျော်ရရှိရန် စစ်ကောင်စီက ခန့်မှန်းထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly