ရေစကြိုတွင် စစ်ကောင်စီတပ် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး  ၉ ဦး သေဆုံးဟုဆို

By MTO (မဇ္ဈိမ)
06 April 2023
ရေစကြိုတွင် စစ်ကောင်စီတပ် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး  ၉ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ဧပြီလ ၅ ရက်နေ့က တစ်ရက်တည်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “မနေ့က တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ၉ ဦးသေတယ်” ဟု လပြောသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့်သည် ရေစကြိုမြို့ပေါ်သို့ ခြေလျင် ချီတက်လာရာ မြို့အဝင်သင်္ချိုင်းကုန်းအနီး၌ မိုင်ဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ရေစကြို (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ သင်္ချိုင်းကုန်း ရဲ့ မြောက်ဘက် တာဝါတိုင်အောက်အရောက်မှာ သူတို့က တပ်ဖြန့်လိုက်တယ်။ အဲဒီအချိန် ငါးယောက်လောက်က မိုင်းခြောက်လုံးလောက်ရှိတဲ့ ပွိုင့်ပေါ်ရောက်လာလို့ မိုင်းဆွဲလိုက်တာမှာ အဲဒီငါး ယောက်လုံး သေနတ်တွေကော လူတွေကော အားလုံးလွင့်စင်သွားတယ်။ တစ်ယောက်က ဒူးအောက်ပိုင်း တစ်ခုလုံးဖွာထွက်သွားတာ” ဟု ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် အနည်းငယ်ပြန်လည်ပစ်ခတ်ပြီးနောက် သေဆုံးသွားသူ များ၏အလောင်းကိုပင် မကောက်နိုင်ဘဲ ရေစကြိုမြို့ပေါ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

“ကျန်တဲ့ကောင်တွေက မြို့ပေါ်ကိုတောက်လျှောက်တက်သွားတာ။ အလောင်းကို ချက်ချင်းပြန်လာမ ကောက်ဘူး။ အလောင်းပြန်ကောက်ဖို့အတွက်ကိုပဲ မြို့ပေါ်မှာလူတော်တော်စုပြီးမှ အလောင်းပြန် လာ ကောက်တာ” ဟု ဆိုသည်။

ယင်းအပြင် ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင်လည်း ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက် နဂါးရုံဘုန်းကြီးကျောင်း မှ ရပ်ကွက်အတွင်းသို့ကင်းပတ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ လေး ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်(ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“လှည့်ကင်းပတ်ပြီးပြန်လာတဲ့လေးယောက်က ပွိုင့်ပေါ်မှာထိုင်ပြီးနားနေတာနဲ့ မိုင်းဆွဲလိုက်တာ အဲဒီလေး ယောက်လုံး ပြန်ကိုမပစ်နိုင်ဘူး ချက်ချင်းကြွသွားတာ” ဟုပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များကောက်ယူနိုင်ရေးကြိုးပမ်းခဲ့သော်လည်း နဂါးရုံဘုန်း ကြီးကျောင်းအတွင်းမှ စစ်ကောင်စီတပ်သားများသည် မိုင်းကွဲရာနေရာသို့ ချက်ခြင်းရောက်ရှိလာသည့် အတွက် လက်နက်များကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ရေစကြို (ပကဖ)က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ်အတွင်းရှိ မအူရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly