ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်မှလေကြောင်းဖြင့်ပါပစ်ခတ်၊ ဒေသခံများ ထွက်ပြေးနေရ

By သွင်ထူးဈာန်၊ YT(မဇ္ဈိမ)
05 April 2023
ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်မှလေကြောင်းဖြင့်ပါပစ်ခတ်၊ ဒေသခံများ ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နယ်မြေအနီးရှိ ထီးကောထောကျေးရွာနှင့် သက္ကာရကျေးရွာဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ လေကြောင်းဖြင့်ပါ ပစ်ခတ်၍ ဒေသခံအများအပြားထွက်ပြေးနေကြရသည်။

ယနေ့ ဧပြီ ၅ ရက်၊ နံနက် ၆ နာရီခန့်မှစတင်ကာ ကရင်လက်နက်ကိုင်ပူးပေါင်းတပ်နှင့် PDF တပ်ဖွဲ့ဝင်များမှ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) အခြေစိုက်နေရာများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

“ မနက်စပြီး ပစ်ခတ်သံကြားတယ်။ BGF ဂိတ် (၁) နေရာတွေရော၊ တခြားနေရာတွေပါ ပစ်ခတ်မှုဖြစ်တာ အဖွဲ့အစုံဝင်တိုက်တယ်လို့ ကြားတယ်။ စစ်တပ်ဘက်ကရော၊ BGF အဖွဲ့တွေပါ အတော်ထိသွားတယ်” ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်အချိန်၌ ရွှေကုက္ကိုလ်နယ်မြေ၊ မဲကနယ်မြေ၊ သင်္ကန်းညီနောင်နယ်မြေတို့ကို စစ်ကောင်စီတပ်မှ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည်။

တိုက်ပွဲတွင် အထိနာနေ၍ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဟုလည်း ၎င်းက သုံးသပ်သည်။ 

“ ရဟတ်ယာဥ် အရင်ဆို တစ်နေရာတည်းကိုပဲ လာပစ်တာ။ အခုက နေရာစုံတွေကို တစ်စီးတည်းနဲ့လာပစ်တာဗျ။ စက်လက်နက်နဲ့ပစ်တယ်၊ ဗုံးလည်းကြဲတယ်၊ မဲကနယ်ရွာဘက်မှာတော့ မီးလောင်နေတယ်။ မဲကနယ်မှာက သူတို့လူ (စစ်ကောင်စီတပ်) တွေပိတ်မိနေတာရှိတယ်။ အဲ့ဒါကို ထွက်ပေါက်ရဖို့ လာကူပေးတာလို့ ပြောလို့ရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပါ ပြုလုပ်လာ၍ ရွှေကုက္ကိုလ်အနီးဝန်းကျင်တွင်နေထိုင်ကြသော ဒေသခံများသည် သောင်းရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနယ်စပ်သို့ ထွက်ပြေးနေကြကြောင်း သိရသည်။

“ မနက် ၁၀နာရီလောက်ကနေစပြီး ကျနော်တို့ ထွက်ပြေးရတာပဲ၊ အခု ထိုင်းနယ်စပ် သောင်ပြင်မှာနေနေရတယ်။ ပစ်ခတ်တာက လက်နက်ကြီးတွေကအစုံပဲ ရွာတွေထဲလည်းကျတယ်။ နေ့ခင်း ၁၂ ခွဲလောက်မှာ ရဟတ်ယာဉ်နဲ့လာပစ်တာမှာ ရွာသားတွေက မနေရဲကြတော့ဘူး။ အကုန်လုံး ထွက်ပြေးရတယ်။ လူ နှစ်ယောက်ထိတယ်လို့ကြားတယ်။ သေဆုံးမှုရှိလားလို့တော့ မသိသေးဘူး။ အဲ့ဘက်မှာ လမ်းတွေအကုန်ပိတ်ထားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပြသည်။ 

ရွှေကုက္ကိုလ်မြို့သစ်နှင့် အနီးတစ်ဝိုက်ရှိဒေသခံအများစုသည် သောင်ရင်းမြစ်ကမ်း၊ တချို့သည်လည်း ထိုင်းဘက်ကမ်းအထိ တိမ်းရှောင်နေကြပြီး ရွှေကုက္ကိုလ်မြို့ထဲတွင် ကျန်နေခဲ့သော ဒေသခံအချို့ ရှိသေးကြောင်း သိရသည်။

" တချို့ကတော့ အခြေအနေစောင့်ကြည့်ဦးမယ်ဆိုပြီး နေခဲ့ကြတာပဲ။ လေယာဉ်လည်းလာနေတော့ ပြေးရမှာပဲ။ ကျွန်တော်တို့တော့ ထိုင်းဘက်ကမ်းကိုရောက်ပါပြီ " ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ရွှေကုက္ကိုလ်မြို့အနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့အတွင်းနှင့် ရပ်ကွက်အတွင်း အဝင် အထွက် လမ်းဆုံများအား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြို့သစ်မြေသည် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ နေရာဖြစ်သည်။

၎င်းကို မြို့သစ်စီမံကိန်းဟုခေါင်းစဥ်တပ်ထားသော်လည်း တရုတ်လူမျိုးများ အများစုပါဝင်သည့် ကာစီနိုလောင်းကစားရုံများ၊ လူမှောင်ခိုကူးမှုများဖြင့် အမည်ဆိုးကျော်ကြားနေသည့် နေရာဟု ဒေသခံများက ပြောသည်။

ယခုနှစ် ၂၀၂၃၊ မတ်လ ၂၅ ရက်နေ့မှ စတင်ကာ မြဝတီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး၊ ငါးတိုင်၊ ကြာအင်းဆိပ်ကြီး၊ ဘရားသုံးဆူနေရာတို့တွင် စစ်ကောင်စီတပ်နှင့် BGF တပ်တို့ တိုက်ခိုက်ခံနေရသည်။

ရွှေကုက္ကိုလ်တိုက်ပွဲသည် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) ထိန်းချုပ်မြေတွင်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတပ်မဟာအတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required