ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

By ရွှေနွယ်(မဇ္ဈိမ)
05 April 2023
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းမှဗုံးလာကြဲသွားသည်ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များမှ မဇ္ဈိမကိုပြောသည်။

ရေတာရှည်မြို့နယ် ဆက်ရစ်ရိုးကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား KNLA နှင့် ပဲခူးတိုင်း PDF ပူးပေါင်းတပ်ဖွဲ့များမှ ဧပြီလ ၃ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သောကြောင့် တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ဧပြီလ ၄ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်မူ ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်အုပ်စု ရွှေသောင်ရွာသစ်၊ ရွှေသောင်ရွာဟောင်း၊ ရတနာကျောက်ပုံကျေးရွာတစ်လျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်ဟု တောင်ငူခရိုင် PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

"တိုက်ပွဲက အခုလက်ရှိအချိန်အထိ ဖြစ်နေဆဲပါ၊ တိုက်ပွဲက မကြာမကြာဖြစ်နေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ၊ သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရွာသားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းလုပ်နေတာတွေပါရှိနေတဲ့အတွက်၊ ကျွန်တော်တို့်ဘက်က နောက်ပြန်ဆုတ်ပေးနေရတဲ့အနေအထားပါ" ဟု PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ ပြောသည်။

စစ်ကောင်စီတပ်များမှ ဧပြီ ၄ ရက်နေ့နံနက်ပိုင်း တိုက်ပွဲပြင်းထန်ပြီးနောက် မွန်းလွဲပိုင်းတွင် ရတနာကျောက်ပုံရွာနှင့် ရွှေသောင်ရွာဟောင်းရွာဘက်သို့ လေယာဉ်များဖြင့် ဗုံးလာကြဲသွားသောကြောင့် အဆိုပါ ကျေးရွာများမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

"သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတဲ့အတွက် ရတနာကျောက်ပုံနဲ့ ရွှေသောင်ရွာဟောင်းဘက်မှ နေအိမ်တချို့ ပျက်စီးတာ မီးလောင်တာတွေရှိတယ်၊ ဒါ့အပြင် လူသားဒိုင်းအဖြစ် အဖမ်းခံထားရတဲ့ ရွာသားတွေမှာလည်း ထိခိုက်မှုတွေရှိထားပါတယ်" ဟု PDF 3502 Hunter Rangers 2 တာဝန်ခံမှပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အရေအတွက် စာရင်းအတိအကျမသိရသေးကြောင်း ဆိုသည်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များဘက်မှလည်း ဧပြီလ ၃ ရက်နေ့တိုက်ပွဲတွင် ရဲဘော် သုံးဦး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရဒဏ်ရာများရရှိထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA နှင့်အတူ ပဲခူးတိုင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) လက်အောက်ရှိ တပ်ခွဲများမှ ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်းတွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဦးရေ ၃၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly