ရွှေဘိုတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

By ရောင်နီ (မဇ္စျိမ)
05 April 2023
ရွှေဘိုတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေး တာ၀န်ရှိသူက မဇ္စျိမသို့ပြောသည်။ 

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁၄ ဦးသည် ဧပြီ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုင်းရှင်းရန်ထွက်လာစဉ် ညောင်ကိုင်းမြို့လှလမ်းပိုင်း၌ တိုက်ခိုက်ခံရ ခြင်းဖြစ်သည်။

“ ဇီးဖြူကုန်းမြောက်ပေါက် ဦးတင်နွဲ့ဇရပ် အနီးအရောက်မှာ ဖောက်ခွဲလိုက်တာပါ။ ရဲတပ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်။

နောက်ထပ် ရဲတပ်သား တစ်ဦးလည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံ ဗလကြီးက မဇ္စျိသို့ပြောသည်။ 

မိုင်းဆွဲခံရပြီးနောက် ထိုစစ်ကောင်စီတပ်သည် အနီးပတ်၀န်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း ၄င်းကဆိုသည်။
 
ထို့နောက် စစ်ကောင်စီတပ်သည် ဇီးဖြုုကုန်းရွာအတွင်းသို့ ပြန်လည်၀င်ရောက်ကာ နာရီ၀က်ခန့်အကြာတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကားဖြင့်လာရောက်သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အင်အား ၃၀ ၀န်းကျင်ရှိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် ဧပြီလ ၅ ရက်နေ့တွင်လည်း ညောင်ကိုင်း ၊သက်ကြီးတော၊ မြို့လှ လမ်းပိုင်းတွင် အင်အားအများအပြားဖြင့် ရေဒီယိုလှိုင်းဖြတ်စက်များအသုံးပြုကာ မိုင်းရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံဆိုသည်။

လက်ရှိအချိန်ထိ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်း သုံးလုံးကျော် ပေါက်ကွဲထားကာ အထိအခိုက်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့ထံက သိရသည်။

ရွှေဘိုမြို့နယ်ရှိ ညောင်ကိုင်း၊ သက်ကြီးတော၊ ဇီးဖြူကုန်း၊ သီးလုံး စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားပြီး အနီးပတ်၀န်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly