နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားရောက်မြန်မာများ ဆွေးနွေး

နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားရောက်မြန်မာများ ဆွေးနွေး

တောင်ကိုရီးယားအခြေပြု မြန်မာ အထောက်အကူပေးမှု အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးတို့သည် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေကောက်ခံမှုနှင့်အတူ အကူအညီပေးအပ်ရန် ပိုမို လုပ်ဆောင်သွားရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

NUG ရုံးနှင့် NGOs များသည် အင်ချွန်းမြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ NUG ကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ၎င်းတို့သည် NUG ကို ထောက်ခံပံ့ပိုးရန်၊ NUG ကို ဘဏ္ဍာရေး အထောက်အပံ့ပေးအပ်ပြီး၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆုံးခန်းတိုင်အောင် လုပ်ဆောင်ခြင်းအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် သဘောတူခဲ့ကြသည်ဟု ပြောသည်။

အစည်းအဝေးတွင် ပါဝင်တက်ရောက်လာသူများကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှတစ်ဆင့် စကားပြောဆိုခဲ့သည်။

“ဒီစစ်အာဏာရှင်စနစ်ကို နိုင်ငံကနေ အပြီးအပိုင် ရှင်းထုတ်ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့အတူ မိမိတို့ရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ မိမိတို့ရဲ့ တော်လှန်ရေးအတွက် မတူညီ၊ ကွဲပြားတဲ့ အင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှု၊ နားလည်သဘောပေါက်မှုနဲ့ ဝေဖန်မှုတို့က အလွန်အဖိုးတန် အရေးပါပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ဤအစည်းအဝေးတွင် သဘောတူခဲ့သည့် ဆုံးဖြတ်ချက်များမှာ တော်လှန်ရေး ဘဏ္ဍာရေး ထောက်ကူပံ့ပိုးမှု ရန်ပုံငွေတစ်ရပ်အတွက် မဟာဗျူဟာ ရေးဆွဲရင်း တော်လှန်ရေးအဖွဲ့အစည်းများက NUG ကိုယ်စားလှယ်ရုံးအတွက် လစဉ် ဘဏ္ဍာရေး အထောက်အပံ့ ရန်ပုံငွေတစ်ရပ် ထူထောင်ရန်၊ NUG ကိုယ်စားလှယ်ရုံးက ဦးဆောင်သည့် အားလုံးပါဝင်သော ရန်ပုံငွေရှာဖွေမှု ပွဲတစ်ခု စီစဉ်ရန်နှင့် အဖွဲ့အစည်းအားလုံးနှင့်အတူ ကွန်ရက်တစ်ခု ထူထောင်ရန်တို့ ဖြစ်သည်။

ယခု အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများသည် လက်ရှိ နိုင်ငံရေး အခြေအနေ၊ တော်လှန်ရေး လှုပ်ရှားမှုများ၏ အားသာချက်များ၊ အားနည်းချက်များနှင့် ဝေဖန်မှုများ၊ အကူအပြောင်း ဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် အကြံပြုချက်များနှင့် အဆိုပြုချက်များတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း NUG ရုံး၏ ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) သည် ရန်ပုံငွေများ ရှာဖွေကောက်ခံရန် ‘One Day Challenge’ လှုပ်ရှားမှုတစ်ရပ်ကို စီစဉ်ခဲ့ပြီး ထို့နောက် ၎င်းတို့သည် လစဉ် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှင့်ညီမျှသော ကိုရီးယားဝမ်ငွေများကို NUG ထံ ပေးအပ်နေခဲ့ပြီး စုစုပေါင်းအားဖြင့် ယခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်အထိ ၎င်းတို့သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းအထိ ပေးအပ်ထားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly