ရာဇဝတ်မှု စွဲချက်များက ‘မိမိတို့နိုင်ငံအား စော်ကားလိုက်ခြင်း’ဟု ထရမ့် ပြစ်တင် 

ရာဇဝတ်မှု စွဲချက်များက ‘မိမိတို့နိုင်ငံအား စော်ကားလိုက်ခြင်း’ဟု ထရမ့် ပြစ်တင် 

 အပြာမင်းသမီးတစ်ဦးအား ငွေကြေးအမြောက်အမြား ပေးအပ်မှုဖြင့် စွဲချက်တင်ခံရချိန်မှစကာ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမဆုံး အများပြည်သူတို့ မှတ်ချက်ပြုပြောဆိုမှု၌ အင်္ဂါနေ့က ၎င်း၏ ထုံးစံအတိုင်း မာန်ပါပါဖြင့် ခုခံပြောဆိုရင်း ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းမှာ “မိမိတို့နိုင်ငံအား စော်ကားလိုက်ခြင်း” ပဲဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။ 

အစောပိုင်းနာရီ၌ အသက် ၇၆ နှစ်အရွယ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နယူးယောက်က တရားရုံး ကြားနာမှုတွင် ကြီးလေးသော ပြစ်မှု ၃၄ ခုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ ထရမ့်အား ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းသည် အမေရိကန်နိုင်ငံအား မှင်တက်သွားစေပြီး အမေရိကန်သမ္မတတစ်ဦးကို ရာဇဝတ်မှုဖြင့် ပထမဆုံး တရားစွဲဆိုခြင်းလည်း ဖြစ်သည်။ 

“အမေရိကန်မှာ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ထားဘူး၊ ဖြစ်နိုင်တယ်ဆိုပြီး ဘယ်တုန်းကမှ မထင်ဘူး”ဟု ထရမ့်က တောင်ပိုင်းဖလော်ရီဒါရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရာပေါင်းများစွာသော အလှူရှင်များ၊ နိုင်ငံရေးမဟာမိတ်များနှင့် အခြားထောက်ခံသူများကို ပြောသည်။ 

“ကျွန်တော် ကျူးလွန်တဲ့ တစ်ခုတည်းသော ရာဇဝတ်မှုက နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ ဒီလို လူမျိုးတွေကနေ ကျွန်တော်တို့နိုင်ငံကို အကြောက်အလန့်မရှိ ကာကွယ်ပေးတာပဲ ဖြစ်တယ်၊ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်ကို စော်ကားလိုက်တာပဲ”ဟု ထရမ့်က ပြောသည်။ 

၂၀၂၄ ရီပတ်ဘလီကန် သမ္မတလောင်း ယှဉ်ပြိုင်မှု၌ ထိပ်တန်းမှ ပြေးနေသည့် ထရမ့်သည် ကပွဲခန်းမကြီးတစ်ခု၌ အမေရိကန်အလံများ ချိတ်ဆွဲထားသည့် စင်မြင့်ထက်မှနေ၍ ပရိသတ်အား ပထမဆုံး စကားပြောဆိုခြင်းလည်း ဖြစ်သည်။ 

၂၀၁၆ ရွေးကောက်ပွဲ မတိုင်မီ လိင်မှုကိစ္စ ပတ်သက်ဖူးသည့် အပြာမင်းသမီး စတောမီ ဒန်နီယယ်အား ငွေပေးမှုကို ဖုံးကွယ်ရန်အတွက် ထရမ့်သည် ကုမ္ပဏီ၏ မှတ်တမ်းအား မရိုးမသား စာရင်းလိမ်လည်ခဲ့သည်ဟု မန်ဟတ်တန် ခရိုင်ရှေ့နေ အယ်လ်ဗင် ဘရတ်ချ်က ထရမ့်ကို တရားစွဲထားခြင်း ဖြစ်သည်။ 

ထရမ့်၏ ဘဏ္ဍာရေးအရာရှိချုပ်ဟောင်း အယ်လ်လန် ဝီဆဲလ်ဘတ်ချ်မှာ စီးပွားရေးမှတ်တမ်းများ အမှားရေးသွင်းသည်ဆိုသော အလားတူစွဲချက်ဖြင့် ထောင်ဒဏ် ငါးလ ကျခံနေရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required