SOF မှ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း (၁) ဗီဒီယိုဖိုင် ထုတ်ပြန် 

By YT  ( မဇ္ဈိမ)
04 April 2023
SOF မှ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း (၁) ဗီဒီယိုဖိုင် ထုတ်ပြန် 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဒေသ၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့(SOF)၏ အထူးစစ်ဆင်ရေးသင်တန်း လေ့ကျင့်ရေးအပိုင်း(၁)ဗီဒီယိုဖိုင်အား ဧပြီလ ၃ ရက်နေ့ ညပိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

အထူးစစ်ဆင်ရေး လေ့ကျင့်ရေးသင်တန်းသည် အခြေခံစစ်ပညာသင်တန်းပြီးစီး၍ သက်မှတ်ထားသော အရည်အချင်းပြည့်မီမှ တက်ရောက်ခွင့်ရသောသင်တန်းဖြစ်ကြောင်း SOF တာဝန်ရှိသူကပြောကြားသည်။

“အခြေခံသင်တန်း ၄၅ ရက်ပြီးတဲ့အချိန်မှာ ပထမဆုံး Physical Test (ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု) လုပ် တယ်။ အဲဒီမှာ နည်းနည်းအားနည်းတဲ့ ရဲဘော်တွေကတော့ အခြေခံသင်တန်း ၄၅ ရက်မှာပဲ ပြီးပါတယ်။ သူတို့ကျတော့ ပုံမှန် ခြေမှုန်းရေးသမားတွေပေါ့။ ဒီစမ်းသပ်မှုတွေကိုအောင်မြင်တဲ့ ရဲဘော်တွေအနေနဲ့ တော့ အထူးစစ်ဆင်ရေးသင်တန်း တက်ရောက်ခွင့်ရပါတယ်” ဟု ဆိုသည်။

အထူးစစ်ဆင်ရေးလေ့ကျင့်ရေးသင်တန်းသည် ယခင်သင်တန်းအပတ်စဉ်များတွင် ငါးလကျော်ကြာမြင့်ခဲ့ သော်လည်း နောက်ပိုင်းတွင် သုံးလကျော်လေးလအတွင်းပြီးစီးအောင် လိုအပ်သည်များအား သင်ကြား၊ လေ့ကျင့်ပေးကြောင်း သိရသည်။

“အထူးစစ်ဆင်ရေးသင်တန်းမှာတော့ ကိုယ်ကာယပိုင်းနဲ့ အခြားလိုအပ်တဲ့ဘာသာရပ်တွေအလိုက် ထပ်ပြီး သင်ပါတယ်”ဟု SOF တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ အခြားလေ့ကျင့်ရေး မှတ်တမ်းများအား အပတ် စဉ်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)သင်တန်းသည် အမေရိကန်မရိန်းတပ်မှ တပ်ဖွဲ့ဝင်ဟောင်း သင်တန်းဆရာ များ၊ KNU မှ သင်တန်းဆရာများမှ အထူးကွန်မန်ဒို၊ အထူးလက်ဖြောင့်၊ မြို့ပြစစ်ဆင်ရေးနှင့် ဆေးဝါးကုသ ခြင်းသင်ခန်းစာများအား သင်ကြားပို့ချပေးသော စစ်ဆင်ရေးသင်တန်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းအပတ်စဉ် (၄) အား သင်တန်းသား ၉၀ ဦး ဖြင့် သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly